ကိုယ်ခံအားစနစ်က COVID-19 ရောဂါပိုးကို ဘယ်လိုတုံ့ပြန်သလဲ?

Updated: Jan 29, 2021

အားလုံးပဲမင်္ဂလာပါ။


ဒီတစ်ပတ်မှာ COVID-19ရောဂါမှ ပြန်လည်သက်သာလာသူတွေရဲ့ သွေးရည်ကြည်ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Antibody (ပဋိပစ္စည်း)တွေနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ခံအား စနစ်အကြောင်း ပြောပြပေးချင်ပါတယ်။ လူတစ်ယောက်မှာ ရောဂါတစ်ခုခုဖြစ်တာနဲ့ ကိုယ်ခန္ဓာတွင်းမှ ရောဂါပိုးကိုတိုက်ထုတ်ပစ်ဖို့ antibody(ပဋိပစ္စည်း) တွေထွက်လာပြီး ရောဂါပျောက်ကင်းသွားသည့်တိုင် ခန္ဓာကိုယ်တွင်းမှာ အချိန်အတော်အတန်ကြာ ဆက်ရှိနေပါတယ်။ COVID-19 ရောဂါဖြစ်ပွါးထားသူတွေမှာလည်း အလားတူ ရောဂါမှ ပြန်လည်သက်သာသည့်တိုင် antibody တွေဟာပမာဏတစ်ခုအထိ ဆက်ပြီးရှိနေပါတယ်။ COVID-19 ရောဂါကနေ ပြန်လည်သက်သာလာသူတွေရဲ့ ကိုယ်ခံအားစနစ်ဟာ ရောဂါပျောက်ကင်းပြီး၂၈ ရက် ကျော်ကြာရင် အလွန်ကောင်းမွန်လာပြီး သွေးရည်ကြည်ကိုလည်း စတင်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။


အကယ်၍ သင်ဟာ Covid-19 ရောဂါပျောက်ကင်းသွားသူဖြစ်ပြီး အခြား Covid-19 ရောဂါ ကူးစက်ခံရသူများအတွက် သွေးရည်ကြည်လှူဒါန်းလိုပါက - https://www.ccpmm.org မှာ စာရင်းပေးသွင်းပြီး လှူဒါန်းနိုင်ပါတယ်။


ပြီးတော့ ဆောင်းတွင်းလည်းဝင်လာပြီဖြစ်လို့ အအေးမိပြီးဖျားနာတာမျိုး ဖြစ်လေ့ရှိပါတယ်။ နောက်ပြီးအခုဆောင်းတွင်းက COVID-19 ရောဂါဖြစ်ပွားနေတဲ့ ရာသီလည်းဖြစ်တာကြောင့် ပိုမိုဂရုစိုက်သင့်ပါတယ်။ ကိုယ်ခံအားကောင်းမှလည်း ရောဂါကာကွယ်နိုင်မှာဖြစ်လို့ ကျန်းမာရေး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။



#RedRoseCampaign




ကိုယ်ခံအားစနစ်က COVID-19 ဗိုင်းရပ်စ်ကို ဘယ်လိုတုံ့ပြန်လဲ?


သွေးရည်ကြည်ကို ရေ (၉၅%) ၊ပရိုတင်းများ (proteins) ၊ အိုင်းယွန်းများ (ions)၊ ပျော်ဝင်ဓာတ်ငွေ့များ၊ ဟော်မုန်း နှင့် အင်ဇိုင်းများဖြင့် အဓိက ဖွဲ့စည်းထားပါတယ်။


ရောဂါပိုးတစ်ခုခုဝင်ရောက်ပြီးချိန်မှာ antibody တွေက သွေးရည်ကြည်ထဲမှာ အတိုင်းအတာတစ်ခုထိ များလာပါတယ်။ COVID-19 ဗိုင်းရပ်စ်ပိုး ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်လာပြီဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ မှတ်သားထားပြီး antibody တွေ ထုတ်ဖို့ လုပ်ဆောင်ပါတယ်။


သဘာ၀ ပါလာတဲ့ ကိုယ်ခံအား စနစ် Innate Immunity နဲ့ Antigen လေးတွေ နဲ့ ထိတွေ့ပြီးမှ ဖြစ်ပေါ်လာတဲ့ Acquired Immunity ဆိုပြီး ၂ မျိုးရှိပါတယ်။

Acquired Immunity မှာတော့ T cells B cells လေးတွေ ပါ၀င်ပါတယ်။

ထို cell လေးတွေပေါင်းပြီး ပြင်ပက ၀င်လာတယ့် အရာတွေကို တိုက်ထုတ်ကြမှာပါ။


“B cell” တွေဟာ “T cell” တွေရဲ့ အကူအညီနဲ့ “Plasma cell” တွေအဖြစ် အသွင်ပြောင်းပါတယ်။ ဒီ Plasma cell တွေကနေ COVID 19 ဗိုင်းရပ်စ် antigen ကို တိုက်ဖို့အတွက် အထူးသီးသန့် antibody တွေ ထုတ်ပေးပါတယ်။


အဲ့ဒီ antibody တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲကို ဗိုင်းရပ်စ်ပိုး မဝင်ရောက်နိုင်အောင် ခံတပ်သဖွယ် ကာကွယ်တားဆီးပေးပြီး ရောဂါပိုးကူးစက်မှုကို လျော့နည်းစေပါတယ်။


ဒါ့အပြင် ရောဂါပိုးဝင်ရောက်ပြီးနောက်ပိုင်းမှာလည်း antibody တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို အထူးကာကွယ်မှုပေးတဲ့အပြင် ရောဂါပြန်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ဒါပေမယ့် ကိုယ်ခံအားစနစ်ဟာ ဖြစ်ခဲ့ဖူးတဲ့ Covid အမျိုးအစားကွဲတစ်မျိုးကိုသာ ကာကွယ်နိုင်စွမ်းရှိပါတယ်။Covid-19 ရောဂါဟာ အသွင်ပြောင်းတတ်တဲ့ သဘောရှိတာကြောင့် မိမိကိုယ်ကို ကျန်းမာရေး ဂရုစိုက်ပြီး ကိုယ်ခံအားစနစ်ကောင်းအောင်နေထိုင်သင့်ပါတယ်။


Antibody တွေက ကာကွယ်တိုက်ထုတ်ပေးနေတဲ့ အပြင် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ရောဂါပိုးကူးစက်ခံထားရတဲ့ cell တွေထဲမှာလည်း ကိုယ်ခံအားစနစ်ရဲ့ T cell တွေက အလုပ်လုပ်ပေးနေပါတယ်။ T cell တွေဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ cell တွေကို ချေဖျက်တိုက်ခိုက်ရှင်းလင်းပေးတဲ့နေရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးပါတယ်။




COVID-19 ရောဂါပျောက်ကင်းသွားသူမှာ ကိုယ်ခံအားစနစ် အခြေအနေဘယ်လိုရှိလဲ?


သုတေသနရလဒ်များအရ ကိုဗစ်ရောဂါလက္ခဏာပြပြီး ပထမအပတ်ဝန်းကျင်တွင် antibody ပမာဏစတင်များလာပြီးနောက် ၁ လအကျော် (ရက်၄၀ ခန့်) တွင် အမြင့်ဆုံးပမာဏကို ရောက်ရှိလာပါတယ်။အဲ့ဒီနောက် ၄ လ ကျော်ကြာမြင့်ပြီးချိန်ထိ antibody ပမာဏ ဆက်လက်များနေတာတွေ့ရပါတယ်။ ပိုပြီးတိကျတဲ့ရလဒ်များအတွက် သုတေသနလုပ်ငန်း များ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး အချက်အလက်များစုဆောင်းဆဲဖြစ်ပါတယ် မြန်မာနိုင်ငံမှာလည်း သွေးရည်ကြည်လှူဒါန်းလိုသူများအတွက် COVID-19 ရောဂါသက်သာပျောက်ကင်းပြီး ၂၈ ရက်မှ စတင်၍ နောင် ၂-၃လ အထိ လှူဒါန်းနိုင်ပါတယ်။



သွေးရည်ကြည်ကုထုံးက သွေးရည်ကြည် လက်ခံရရှိသူ၏ ကိုယ်ခံအားကို ဘယ်လိုအထောက်အပံ့ဖြစ်နိုင်လဲ?

COVID-19 ရောဂါပျောက်ကင်းပြီးသူများ လှူဒါန်းတဲ့သွေးရည်ကြည်မှာ သူတို့ကူးစက်ခံခဲ့ရတဲ့ COVID - 19 ရောဂါပိုး အမျိုးအစားကို ပြန်လည်ခုခံတိုက်ထုတ်နိုင်တဲ့ antibody ပါဝင်နေပါတယ်။ သွေးရည်ကြည်လှူဒါန်းတာဟာ ပုံမှန်သွေးလှူဒါန်းတာနဲ့ မတူပါဘူး။ သွေးတစ်ခါလှူဒါန်းရင် သတ်မှတ်ပမာဏအတိုင်း သွေးဆဲလ်တွေ အကုန်လုံးကို ထုတ်ယူရတာဖြစ်ပြီး၊ သွေးရည်ကြည်လှူဒါန်းတဲ့ အခါမှာတော့ Antibody ပါဝင်တဲ့ သွေးရည်ကြည် တစ်မျိုးတည်းကိုသာ ထုတ်ယူပါတယ်။ မိမိလှူဒါန်းလိုက်တဲ့သွေးကို plasmapheresis machine ဖြင့် သွေးရည်ကြည် သက်သက်၊ သွေးဆဲလ် သက်သက်ကို ဖယ်ထုတ်ပြီး ကျန်သွေးဆဲလ်တွေကို ခန္ဓာကိုယ်တွင်း ပြန်လည်ထည့်သွင်းပေးပါတယ်။

ဒီဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်မယ့် ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးဖို့ COVID-19 ကူးစက်ခံရသူတွေကို သွေးရည်ကြည်ကုထုံးအသုံးပြုပြီး ကုသပေးနိုင်ပါတယ်။ သွေးရည်ကြည်ကုထုံးဟာ ရောဂါပြင်းထန်မှုနှုန်းနဲ့ ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။ သွေးရည်ကြည်ကုထုံးကို ရောဂါဖြစ်ပွါးပြီး ၃ရက်မြောက်နေ့မှာစတင်ပေးခြင်းက ပိုမိုထိရောက်မှုရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။