ပထမအကြိမ်သွေးလှူတော့မယ်ဆိုရင်...

အားလုံးပဲ မင်္ဂလာပါ။


ဒီ COVID-19 ကပ်ရောဂါကာလမှာ ပထမဆုံးအကြိမ် သွေးလှူမည့် သွေးလှူရှင် ညီအစ်ကိုမောင်နှမများအတွက် သွေးလှူဒါန်းရာတွင် သိသင့်သော ဆောင်ရန်၊ ရှောင်ရန် အချက်များ နှင့် အကြောင်းအရာတစ်ချို့အား ဖော်ပြပေးထားပါသည်။


Online Booking စနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


Online Booking ဖြင့် စာရင်းပေးသွင်းနည်း အဆင့်ဆင့် - http://bit.do/rrconlinebookingprocedure


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။"

"A drop of blood for you, a hope of a lifetime for them."


#RedRoseCampaign


သွေးဘာကြောင့် လှူသင့်သလဲ?


ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ သန်းပေါင်းများစွာထဲကမှ သွေးလှူတဲ့လူအရေအတွက်ဟာ ၁% ပဲရှိပါတယ်။ ကိုယ့်အသွေးအသားရဲ့ တစ်စိတ်တစ်ပိုင်းကို ထုတ်ယူပြီး ကိုယ်မသိတဲ့ လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ်ဖို့အားထုတ်တဲ့ လုပ်ရပ်ဟာ အလွန်ကို မွန်မြတ်တဲ့လုပ်ရပ်တစ်ခု၊ ကုသိုလ်တစ်ခုဖြစ်ပါတယ်။ ကိုယ်လှူလိုက်တဲ့သွေးကို အရေးပေါ်သွေးလိုအပ်နေတဲ့အခြေအနေတွေ၊ ခွဲစိတ်မှုတွေ၊ နာတာရှည်သွေးရောဂါတွေဖြစ်တဲ့ သွေးကင်ဆာ၊ သွေးအားနည်းရောဂါ၊ သွေးကျဲရောဂါ စတဲ့ရောဂါခံစားနေရတဲ့လူတွေကို ပေးသွင်းကြတယ်။ ဒီလို လူနာပေါင်းများစွာအတွက် သွေးက သူတို့ရဲ့ အသက်ကယ်ဆေးပါပဲ။


အခုလို COVID-19 ကပ်ရောဂါကာလမှာ အမျိုးသားသွေးဌာနကို သွေးလာလှူတဲ့လူဦးရေက အရမ်းနည်းပြီး သွေးလိုအပ်မှုတွေ အရမ်းများပါတယ်။ ဒါကြောင့် ကိုယ်ကျိုးစွန့်ပြီး ရဲရဲဝင့်ဝင့်နဲ့ သွေးလာလှူမယ့် စေတနာသွေးလှူရှင်များ ပေါ်ထွက်လာဖို့ အရေးကြီးပါတယ်။ ဒါတင်မကသေးပါဘူး၊ Red Rose Campaign ကနေတစ်ဆင့် သွေးလှူတဲ့ သွေးလှူရှင်တွေကိုလည်း သူတို့ရဲ့ သတ္တိနဲ့ မွန်မြတ်တဲ့စိတ်ဓါတ်ကို လေးစားတဲ့အနေနဲ့ နှင်းဆီနီတစ်ပွင့်နဲ့ ဂုဏ်ပြုလွှာတစ်စောင်ကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။


Voluntary Blood Donation (စေတနာသွေးလှူခြင်း) ဆိုတာဘာလဲ? ဘာကြောင့် အရေးကြီးလဲ?


မိမိ၏ အသွေးအသားဖြစ်သော ခန္ဓာကိုယ်ထဲမှသွေးရည်ကြည်၊ သွေးဥမွှားများကို အခကြေးငွေလက်ခံယူခြင်းမရှိဘဲ မိမိစိတ်ဆန္ဒ၊ မိမိစေတနာအလျောက် လှူဒါန်းခြင်း၊ မိမိသွေးကို လက်ခံရရှိသော လူနာကို အသက်အရွယ် အပိုင်းအခြား၊ လူမျိုးဘာသာမရွေး၊ ဖြူစင်သော စိတ်စေနာဖြင့် အပြင်ပယောဂမပါပဲ လှူဒါန်းခြင်းကို စေတနာသွေးလှူခြင်း (Voluntary Blood Donation) ဟုခေါ်သည်။


အရေးပေါ် သွေးလိုအပ်နေသော လူတစ်ယောက်အတွက် သွေးပြတ်လပ်မှုနှင့် ကြုံတွေ့ရသောအခါ လူနာရှင်ဖက်မှ လိုအပ်သောသွေးကို ရှာပေးရသည့် အခြေအနေမျိုးရှိလာသည်။ ထိုသို့သော အရေးပေါ်အခြေအနေတွင် ရရှိလာသော သွေးကို သန့်စင်ရန် အချိန်အလုံအလောက်မရှိသောကြောင့် အဆင့်ဆင့်သော သွေးသန့်စင်နည်းစနစ်များအား မကျော်ဖြတ်ရပဲ လူနာထံသို့ရောက်သွားနိုင်ပါသည်။


ထို့ကြောင့် သွေးပြတ်လပ်မှုမရှိရအောင် အမျိုးသားသွေးဌာနတွင် သွေးလုံလုံလောက်လောက်ရရှိစေရန် စေတနာသွေးလှူရှင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။ စေတနာသွေးလှူရှင်အရေအတွက် များပြားလာပါက သွေးပြတ်လပ်မှုများ လျော့နည်းသွားကာ လှူဒါန်းလိုက်သော သွေးကိုလည်း နည်းစနစ်အဆင့်ဆင့်ဖြင့် သန့်စင်စေရန် အချိန်အလုံအလောက်ရရှိစေမည်ဖြစ်ပါသည်။ မိမိစေတနာအလျောက် သွေးလှူဒါန်းခြင်းသည် သွေးလက်ခံရရှိမည့် လူနာအတွက်သာမက သွေးလှူရှင်အတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး လုံခြုံစိတ်ချရသည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါသည်။


ထို့နောက် စေတနာသွေးလှူရှင်များသည် မိမိကိုယ်တိုင်က အကျိုးအမြတ်တစ်စုံတစ်ရာကို မမျှော်ကိုးပဲ လှူဒါန်းလိုစိတ်သက်သက်သာရှိ၍ လာရောက်ကြသည်ဖြစ်သောကြောင့် ပုံမှန် လာရောက်လှူဒါန်းလေ့ရှိကြသည်။ ထိုသို့သော စေတနာသွေးလှူရှင်များကြောင့် သွေးလိုအပ်နေသောလူနာများမှာလည်း မိမိရောဂါကုသမှုခံယူနိုင်ရန် သွေးလှူရှင်ရှာဖွေရမည်ဟူသော ဖိအားလည်းမရှိတော့ပါ။


သွေးလှူဖို့ ဘာတွေလိုအပ်လဲ?


သွေးလှူဒါန်းရန် ဆုံးဖြတ်ပြီးပါက:


၁။ COVID-19 ကာလတွင် လုံခြုံစိတ်ချမှုရှိစေရန် ကြိုတင်ရက်ချိန်းယူနိုင်ပါသည်။ ယခုအခါ Red Rose Campaign မှတစ်ဆင့် မိမိ သွေးလှူလိုသော ရက်စွဲ၊ အချိန်၊ ကြိုက်နှစ်သက်ရာ ကုတင်နံပါတ်၊ မိမိ၏ နာမည်၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာများကို အထက်တွင် ဖော်ပြထားသော အမျိုးသားသွေးဌာန၏ online booking website ထဲသို့ဝင်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။


၂။ ကျန်းမာရေးကောင်းမွန်အောင် နေထိုင်ရန် -

သွေးလှူဒါန်းလိုလျှင် ကိုယ်ခံအားကောင်းအောင်နေဖို့ လိုအပ်ပါသည်။ သို့ဖြစ်၍ အာဟာရဖြစ်စေသော၊ သံဓါတ်ကြွယ်ဝသော အစားအစာများကို စားသုံးခြင်း၊ နှစ်ခြိုက်စွာ အိပ်စက် အနားယူခြင်း၊ ရေကို နေ့စဉ် အလုံအလောက် သောက်သုံးပေးခြင်း တို့ကို လုပ်ဆောင်ရပါမည်။


၃။ သွေးလှူဒါန်းရန်လိုအပ်သော အခြေခံအချက်အလက်များ

- ကျန်းမာရေးကောင်းပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒရှိသူ၊ အသက် ၁၈ မှ ၅၅ နှစ်အတွင်းရှိသူ ဖြစ်ရမည်။

- အမျိုးသားဖြစ်လျှင် ကိုယ်အလေးချိန် ပေါင် ၁၁၀၊ အမျိုးသမီးဖြစ်လျှင် ပေါင် ၁၀၀ ရှိရမည်။

- COVID-19 ကာလအတွက် တစ်လအတွင်း ခရီးသွားရာဇဝင်ရှိသူ၊ mask မတပ်လာသူများကို လှူဒါန်းခွင့်မပြုပါ။


သွေးလှူဒါန်းခြင်းနှင့် ပတ်သက်သော အကြောင်းအရာများကို သိရှိလိုပါက အောက်ပါ လင့်ခ်များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။


https://bit.ly/factsonblooddonation


https://bit.ly/mythsandtruthsblooddonation


သွေးလှူရှင်တွေ ဘေးကင်းစေဖို့ အမျိုးသားသွေးဌာနက ဘာတွေဆောင်ရွက်ပေးထားလဲ?


၁။ သွေးလှူရှင်များနှင့် ထိတွေ့ဆက်ဆံနေရသော ဝန်ထမ်းများသည် အမျိုးသားသွေးဌာနတွင်သာ နေထိုင်ကြပြီး ပြင်ပသို့သွားလာခြင်း မရှိပါ။ အပြင်သွားလိုလျှင် အမျိုးသားသွေးဌာနမှ စီစဉ်ပေးပါသည်။


၂။ အမျိုးသားသွေးဌာနအတွင်းသို့ မဖြစ်မနေဆောင်ရွက်ရသော equipment servicing နှင့် maintenance လုပ်ပေးသူများမှ လွဲ၍ ဝန်ထမ်းများအားလုံးကို အသွားအလာ ကန့်သတ်ထားပါသည်။ ယခုလို ဝန်ဆောင်မှုပေးရန် လာရောက်သော တာဝန်ရှိသူများကိုလည်းကောင်း၊ သွေးလာရောက်လှူဒါန်းသူများကိုလည်းကောင်း လွန်ခဲ့သောတစ်လအတွင်းရှိ ကျန်းမာရေးအခြေအနေနှင့် ခရီးသွားရာဇဝင်ကို ကြိုတင်စစ်မေးပြီးမှ ဝင်ခွင့်ပေးပါသည်။


၃။ အမျိုးသားသွေးဌာနသို့ သွေးလှူဒါန်းရန် လာရောက်သူများအား mask မတပ်လာလျှင် လှူဒါန်းခွင့်မပြုပါ။ လက်သန့်ဆေးရည်နှင့် ပိုးသတ်ဆေးများကိုလည်း နေရာအနှံ့ထားပေးထားပါသည်။ အမျိုးသားသွေးဌာနသို့ မဝင်ရောက်မီ အဖျားတိုင်းကာ လက် နှင့် မိမိဝတ်လာသော ဖိနပ်မှ အစ ပိုးသတ်ပေးပါသည်။


၄။ သွေးလှူဒါန်းသည့် အဆင့်တိုင်းတွင် လူတစ်ဦးနှင့် တစ်ဦးကြားသည် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အကွာအဝေးရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ထားပါသည်။ လူစုလူဝေးဖြစ်စေမည့် နေရာတိုင်းတွင်လည်း လေဝင်လေထွက်ကောင်းစေရန် ဂရုပြုကာ သွေးလှူရှင်များ လုံခြုံစိတ်ချရစေရန်၊ အန္တရာယ်နည်းနိုင်သမျှနည်းအောင် စီမံထားပါသည်။


၅။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သည့် ကြိုတင်ကာကွယ်ရေးနည်းအသစ်များကိုလည်း မျက်ခြေမပြတ် ထည့်သွင်းလုပ်ဆောင်နေသည့်အတွက် စိတ်ချစွာ လာရောက်သွေးလှူဒါန်းနိုင်ပါသည်။