ဘယ်သူမဆို သူရဲကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ။


Red Rose Campaign ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ COVID-19 ဒုတိယလှိုင်း၊ Stay-at-Home ကာလဖြစ်တဲ့အတွက် သွေးလာလှူတဲ့ သွေးလှူရှင်အရေအတွက်က ပုံမှန်ထက်သိသိသာသာကို ပိုနည်းလို့လာပါတယ်။


COVID-positive case တွေကလည်း တစ်နေ့တစ်နေ့ ရာနဲ့ချီတွေ့နေတာဆိုတော့ သွေးလှူရှင်တွေအတွက် လုံခြုံစိတ်ချမှုရှိမရှိဆိုတာကလည်း ထည့်စဉ်းစားစရာပေါ့။ ဒါပေမယ့် အမျိုးသားသွေးဌာနဘက်က သွေးလှူရှင်တွေ အန္တရာယ်ကင်းအောင် စနစ်တကျပိုးသတ်တာ၊ လူတစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံးသုံးပေအကွာမှာနေခိုင်းတာ၊ လေဝင်လေထွက်ကောင်းအောင်လုပ်ပေးတာတွေ၊ နောက်ပြီး အုပ်စုလိုက်သွေးလှူရင်လည်း အန္တရာယ်ကင်းအောင်လို့ သီးသန့်အခန်းတွေစီစဉ်ပေးတာ စတဲ့ ကာကွယ်ရေးနည်းစနစ်တွေကို ကျင့်သုံးပေးနေပါတယ်။


အသေးစိတ်သိချင်ရင် အောက်မှာ ဝင်ဖတ်လို့ရပါတယ်။ https://www.facebook.com/104491637996583/posts/141648997614180/?d=n


သွေးလှူရှင်တွေအနေနဲ့လည်း မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ကိုယ်လာတဲ့လမ်းတစ်လျှောက်မှာ လူတွေနဲ့ တတ်နိုင်သမျှခွာပြီးနေမယ်၊ နှာခေါင်းစည်း၊ လက်အိတ်၊ လက်သန့်ဆေးရည် စတာတွေဝတ်ဆင်လာမယ်၊ ယူဆောင်လာမယ်ဆိုရင် ဒါဟာ COVID-19 ကာလအတွင်းမှာ လုံခြုံစိတ်ချရတဲ့ သွေးလှူဒါန်းခြင်းတစ်ခုလို့ဆိုနိုင်ပါတယ်။


COVID-19 ကာလမှာ သွေးလှူရှင်တွေ လျော့နည်းသွားလို့ အရင်နှစ်ကထက်စာရင် နေ့တိုင်းနီးပါး သွေးလိုအပ်မှုတွေက တဖြည်းဖြည်း များပြားလာပါတယ်။


ဥပမာအနေနဲ့ပြောရရင်

1. မွေးရာပါသွေးအားနည်းရောဂါတွေဖြစ်တဲ့ Thalassemia (Haemoglobin ပုံစံမူမမှန်လို့ ဖြစ်တဲ့ သွေးအားနည်းရောဂါ), Sideroblastic anemia (သံဓါတ်လုံလုံလောက်လောက်ရှိပေမယ့် သူတို့ကို အသုံးပြုနိုင်ခြင်းမရှိလို့ ဖြစ်တဲ့ သွေးအားနည်းရောဂါ), B12 and, or, Folate deficiency anemia (ဗီတာမင် B12 (သို့) Folic Acid မလုံလောက်လို့ဖြစ်တဲ့ သွေးအားနည်းရောဂါ) တွေ, အသည်း၊ ကျောက်ကပ်ရောဂါတွေ ကြောင့်ပုံမှန်သွေးနီဥထုတ်လုပ်နိုင်စွမ်းမရှိတဲ့ လူတွေ၊ Chronic cancer (နာတာရှည်ကင်ဆာ) ဝေဒနာရှင်တွေ

2. အရေးပေါ်သွေးလိုအပ်နေတဲ့ မတော်တဆမှုတွေ၊ သွေးဝမ်းသွားရောဂါ (Bacillary or Amoebic dysentery)

3. ခွဲစိတ်ကုသမှုခံယူနေစဉ် ဆုံးရှုံးသွားတဲ့ သွေးတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ရာ သွေးက မရှိမဖြစ်လိုအပ်နေပါတယ်။


ဒါကြောင့် ဒီလိုအခြေအနေတွေကို ရင်ဆိုင်နေရတဲ့ လူနာတွေဟာ သွေးလှူရှင်တွေရှိမှသာ သူတို့ဆီက ရရှိလာမယ့်သွေးကို စောင့်ဆိုင်းပြီး အသက်ဆက်နေကြရတာဖြစ်ပါတယ်။

ဒီ COVID-19 ကာလမှာဆိုရင် သွေးမလုံလောက်တဲ့ အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ သွေးလိုနေတဲ့လူနာတွေရဲ့ အသက်အန္တရာယ်ကျရောက်နိုင်တဲ့နှုန်းကတော့ ယခင်နှစ်ကထက် ပိုမိုမြင့်မားနေတာ အမှန်ပါပဲ။

"လိုအပ်နေတဲ့အချိန်မှာ လိုအပ်တဲ့သွေးပမာဏကိုရရှိမှသာ မနက်ဖြန်ဆိုတဲ့နေ့ရက်တွေ ရှိလာမှာပါ။"


သွေးလိုအပ်နေတဲ့လူနာတွေ၊ သွေးအားနည်းရောဂါဖြစ်နေတဲ့ လူနာတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်းကို သွေးအားနည်းရောဂါတစ်ခုထဲကမှ အဖြစ်များတဲ့ ရောဂါတစ်ခုနဲ့ ဥပမာပေးပြီး ပြောပြပါရစေ။


Thalassemia: Beta-thalassemic major (beta-globin chain defect)


ဒီရောဂါဟာ မွေးရာပါမျိုးရိုးဗီဇမှားယွင်းမှုကြောင့် ပုံသဏ္ဍာန်မမှန်တဲ့ haemoglobin, ဟီမိုဂလိုဘင်ကို ထုတ်လုပ်ပေးပါတယ်။ Haemoglobin တွေက ပုံမှန်အခြေအနေမှာဆိုရင် သွေးနီဥထဲမှာရှိပြီး အသက်ရှင်သန်နိုင်ဖို့ အရေးကြီးတဲ့ အောက်ဆီဂျင်ကို တစ်နေရာကနေ တစ်နေရာကို ပို့ဆောင်ပေးပါတယ်။ ဒါပေမယ့် thalassemia မှာတော့ haemologin တွေဟာ ပုံပျက်ပန်းပျက်ဖြစ်နေတာကြောင့် ပုံမှန်လိုအပ်တဲ့ oxygen ကိုလည်းမသယ်နိုင်တဲ့အတွက် ပုံမှန် RBC ကိုရရှိဖို့ ခန္ဓာကိုယ်က ပြန်လည်ဖြည့်တင်းတဲ့အနေနဲ့ ပြင်ပသွေးနီဥထုတ်လုပ်ပေးတဲ့စနစ်၊ extrahaemopoietic systems (အသည်း၊ သရက်ရွက်နဲ့ ရိုးတွင်းခြင်ဆီ) တွေက သွေးနီဥကိုထုတ်ပေးဖို့ကြိုးစားရှာပါတယ်။

အဲ့ဒီအတွက်ကြောင့်လည်း သွေးနီဥထုတ်လုပ်ပေးတဲ့ ကိုယ်တွင်းအင်္ဂါတွေက အရွယ်ပမာဏပိုကြီးနေတတ်ပြီး Developmental age - ကိုယ်ခန္ဓာဖွံ့ဖြိုးတဲ့အချိန်ကစလို့ အောက်ဆီဂျင်အလုံအလောက်မရတဲ့အတွက် ဖွံ့ဖြိုးမှုပိုင်းမှာထိခိုက်နိုင်ပါတယ်။ အဓိကအနေနဲ့ (Lower cognitive function- attentive domain & verbal memory) ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်မှု နဲ့ မှတ်ဉာဏ်ပိုင်းမှာ ထိခိုက်တတ်ပါတယ်။ ပြင်းထန်တဲ့ ရောဂါအခြေအနေတွေမှာဆိုရင် ငယ်ငယ်လေးကတည်းက ပုံမှန်သွေးသွင်းမှုတွေကို တစ်ပါတ်တစ်ခါလုပ်ပေးရပါတယ်။


မျိုးရိုးဗီဇပြသနာဖြစ်တာကြောင့် ရောဂါကို အရှင်းပျောက်ကင်းအောင်ကုသမှုတွေ (curative) မပြုလုပ်နိုင်ဘဲ ရောဂါလက္ခဏာပျောက်ကင်းရုံ (palliative) ပဲလုပ်နိုင်ပါတယ်။


Thalessemia ဖြစ်ပြီဆိုရင်

- Physical deformity and short stature (ပုံမှန်မဟုတ်တဲ့ ရုပ်အသွင်အပြင်ပြောင်းလဲခြင်း၊ အရပ်ပုခြင်း) - Psychological fragility (စိတ်ပိုင်းဆိုင်ရာ အားငယ်ခြင်း) - Educational inadequacy (ပညာသင်ကြားနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း အားနည်းခြင်း) - Less Occupational opportunity(အလုပ်အကိုင် အခွင့်အလမ်းများနည်းပါးခြင်း) - Family burden (မိသားစုအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်း) စတာတွေကြောင့် လူနာကို စွန့်ပစ်တာ (disowned) အထိတောင်ဖြစ်နိုင်ပါတယ်။


မွေးဖွားလာကတည်းက ကိုယ့်အပြစ်၊ ကိုယ့်အမှားကြောင့်မဟုတ်ဘဲ မျိုးရိုးဗီဇချို့ယွင်းမှုတစ်ခုတည်းကြောင့် မိမိနဲ့ သက်တူရွယ်တူတွေထက် ခြေလှမ်းပေါင်းများစွာနောက်ကျနေခဲ့ရတယ်ဆိုတဲ့ စိတ်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဘဝတိုးတက်ရာတိုးတက်ကြောင်းတွေတင်မကဘဲ အသက်အန္တရာယ်ထိပါ တစ်ဘဝလုံးစိုးရိမ်နေရတဲ့ စိတ်ဟာ သာမန်လူတွေတော်ရုံကြုံတွေ့နေရတဲ့ စိတ်အခြေအနေမျိုးတော့မဟုတ်ပါဘူး။ လူတွေထဲက လူတစ်ယောက်ဖြစ်တဲ့အတွက် ဘယ်လောက်ထိစိတ်ဓါတ်ခိုင်မာတယ်ဖြစ်စေဦးတော့ အားငယ်မှု၊ ဝမ်းနည်းမှုကတော့ရှိနေမှာပဲ။ ဘယ်လောက်ပဲ ပြုံးရယ်ပြနေတယ်ဆိုဦးတော့၊ နာကျင်နေရတဲ့အခိုက်အတန့်တွေကတော့ရှိနေမှာပါပဲ။


ဘယ်သူမှနားမလည်နိုင်တဲ့၊ လူတိုင်းမှာဖြစ်နေတာမျိုးမဟုတ်တဲ့အတွက် စိတ်ဓါတ်ကျဆင်းမှုတွေဆိုးရွားလာတဲ့အခါ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေသည် အထိတောင်လုပ်သွားတတ်ကြပါတယ်။ (ကလေးတွေမှာဆိုရင်တော့ suicidal thoughts - မိမိကိုယ်ကို သတ်သေချင်တဲ့အတွေးတွေအဖြစ်များပါတယ်၊ ရှင်လျက်နဲ့ သေနေသလိုမျိုးပေါ့)


ဒါကြောင့် သူတို့အတွက် အဓိကလိုအပ်တဲ့ စိတ်ဓာတ်ခွန်အား၊ လူခွန်အား၊ ဆေးဝါးစရိတ်တွေအပြင် သူတို့အနားမှာအမြဲတမ်းရပ်တည်ပေးပြီး နားလည်ပေးနိုင်မယ့်သူတွေကိုလိုအပ်နေပါတယ်။ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်ဖြတ်သန်းနေရတဲ့လူတွေအတွက်ကတော့ သူတို့ အနားမှာ အမြဲတမ်းမရှိပေးနိုင်ဘူးဆိုရင်တောင် တစ်နေ့တစ်နေ့ သူတို့ကို တတ်နိုင်သလောက် အချိန်ပေးသင့်ပါတယ်။ ပြီးတော့ သူတို့ရဲ့ လုံခြုံမှုအတွက် medical professionals (ဆရာဝန်၊ သူနာပြု) တွေက ခုလို COVID-19 ဖြစ်နေတဲ့ အချိန်မှာတောင် တာဝန်ကိုကျေပွန်စွာထမ်းဆောင်နေကြပါတယ်။


ဒါဆို ကျွန်တော်တို့အနေနဲ့လည်း သူတို့အတွက် အဖြည့်သဘောနဲ့ ပါရမီဖြည့်ချင်လို့ပဲဖြစ်စေ၊ လူသားချင်း စာနာမှု (humanitarianism) တစ်ခုအနေနဲ့ပဲဖြစ်စေ ကူညီပေးချင်တယ်ဆိုရင်တော့ သွေးလှူပေးလို့ရပါတယ်။


COVID-19 ကာလမှာ အမှန်တကယ်သွေးလိုအပ်နေတဲ့ ရောဂါသည်တွေအတွက် သွေးလှူရင်း မနက်ဖြန်၊ သန်ဘက်ခါဆိုတဲ့ နေ့ရက်သစ်တွေကို ဖန်တီးပေးကြရအောင်လားဗျာ!


Heroes come in all types and sizes!

ဘယ်သူမဆို သူရဲကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - https://www.donatebloodmyanmar.org/booking


#RedRoseCampaign