သွေးလှူဒါန်းခြင်းရဲ့ အကျိုး​ကျေးဇူးများ

Updated: Jan 12, 2021

အားလုံးပဲမင်္ဂလာပါ။


သွေးလှူရှင်တွေကလှူဒါန်းလိုက်တဲ့သွေးတွေကို သွေးလိုအပ်နေတဲ့လူနာတွေအတွက် ဘယ်လိုအသုံးပြုကြလဲ၊ သူတို့အတွက်ဘယ်လိုအကျိုးရှိသွားလဲ ဆိုတာကို အရင်အပတ်က Red Rose Campaign ကတင်ခဲ့တဲ့ post လေးမှာ ဖတ်ရှုသိရှိပြီးကြမယ်လို့မျှော်လင့်ပါတယ်။

ဒါကြောင့် အပြောင်းအလဲလေးအနေနဲ့ ဒီအပတ်မှာတော့ သွေးလှူရှင်တွေအတွက်သွေးလှူလိုက်ခြင်းကြောင့် မွန်မြတ်တဲ့ကုသိုလ်ရတာအပြင် ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရော ဘာအကျိုးကျေးဇူးတွေရမလဲဆိုတာကို အပိုင်းလေးတွေခွဲပြီး တစ်ပတ်ချင်းစီ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက -

https://www.donatebloodmyanmar.org/booking

#RedRoseCampaign


1. သွေးဆဲလ်များထုတ်လုပ်မှုကိုလှုံ့ဆော်ပေးနိုင်ခြင်း


သွေးနီဥလေးတွေရဲ့ ပျမ်းမျှပုံမှန်သက်တမ်းမှာရက်ပေါင်း

၁၂၀ရက် (၄လ) ခန့်ဖြစ်ပါတယ်။ (ဒါကြောင့်လည်း အရည်အသွေးပြည့်မီသော သွေးနီဥလေးများရရှိနိုင်ရန် လေးလမှတစ်ခါသာ သွေးလှူဒါန်းနိုင်ခြင်းဖြစ်ပါတယ်။)


ရက်ပေါင်း၁၂၀သက်တမ်းပြည့်တဲ့ သွေးနီဥလေးများကို သရက်ရွက်လို့ခေါ်တဲ့ ဘေလုံး (spleen) ကဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ရဲ့ရိုးတွင်းခြင်ဆီ (bone marrow) ကနေ သွေးနီဥအသစ်လေးတွေပြန်ပြီးဖွဲ့စည်းတည်ဆောက်ပေးပါတယ်။ ဒီဖြစ်စဉ်လေးက ခန္ဓာကိုယ်မှာအချိန်နဲ့အမျှ စက္ကန့်မလပ် ဖြစ်ပျက်နေတာဖြစ်ပါတယ်။


​သွေးလှူဒါန်းပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲကလျော့နည်းသွားတဲ့သွေးတွေကို ရိုးတွင်းခြင်ဆီက ပုံမှန်ဖြစ်အောင်ပြန်လည်ထုတ်လုပ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်လာစေပါတယ်။


2. နှလုံးနှင့် အသည်းကျန်းမာရေးကို ထိန်းညှိပေးခြင်း


ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် သံဓာတ်ကို လိုအပ်တာထက် ပိုမိုစားသုံးမိတဲ့အခါမှာ နှလုံး၊ အသည်းနှင့် သရက်ရွက် စတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ပိုလျှံနေတဲ့ သံဓာတ်တွေကို သိုလှောင်ထားရပါတယ်။ ဒီလို သိုလှောင်ထားတဲ့သံဓာတ်တွေ အင်မတန်များလာတဲ့အခါမှာ နှလုံးကြွက်သားတွေကို ပိုမိုလှုပ်ရှားစေပြီး နှလုံးခုန်နှုန်းမမှန်ကန်ခြင်းနှင့် အသည်းမှာ သံဓာတ်များစုပုံလာခြင်းကြောင့် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာရောဂါများကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။


ဒါပေမဲ့ ကျွန်ုပ်တို့သွေးလှူပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲမှာပိုလျှံနေတဲ့ သံဓာတ်ကို သွေးအသစ်ပြန်လည်ထုတ်လုပ်တဲ့နေရာမှာအသုံးပြုလိုက်တဲ့အတွက် နှလုံးနှင့်အသည်းအပြင် ကိုယ်တွင်းအင်္ဂါများကို သံဓာတ်များပြားခြင်းကြောင့် ထိခိုက်ပျက်စီးစေမှုမှ လျှော့ချပေးနိုင်ပါတယ်။