"လှူလိုက်တဲ့သွေးကို ဘယ်မှာ အသုံးပြုလဲ?*

"လှူလိုက်တဲ့သွေးကို ဘယ်မှာ အသုံးပြုလဲ?*


အားလုံးပဲမင်္ဂလာပါ။


အရင်အပတ်ကတော့ မိမိသွေးကို လှူလိုက်ပြီးတဲ့နောက်မှာ ဘယ်လိုအဆင့်တွေကိုကျော်ဖြတ်ခဲ့ရလဲဆိုတာ ပြောပြခဲ့ပါတယ်။


ဒီနေ့မှာတော့ မိမိလှူခဲ့တဲ့သွေးကို ဘယ်နေရာတွေမှာ အသုံးပြုလဲဆိုတာကို ပြောပြပေးသွားမှာပါ။


သွေးလှူပြီးနောက် လှူလိုက်တဲ့သွေးကို သွေးနီဥ၊ သွေးရည်ကြည်၊ သွေးဖြူဥနှင့် သွေးဥမွှား ဆိုပြီး လေးမျိုးခွဲလိုက်ပါတယ်။ ဒီထဲမှာ သွေးဖြူဥတွေကို လူနာကိုပေးမသွင်းပါဘူး။ သူ့ကိုသွင်းရင် သွေးဖြူဥလက်ခံရရှိမယ့်လူနာတွေမှာ ကောင်းကျိုးထက် ဘေးထွက်ဆိုးကျိုးပိုများနိုင်ပါတယ်။ ဒါကြောင့် သွေးဖြူဥနည်းနေတဲ့ လူနာတွေကို သွေးဖြူဥများလာစေမယ့် ဆေးဝါး​တွေပဲပေးရပါတယ်။ ဒီတော့ သွေးဖြူဥကို ဖယ်ပြီး ကျန်တဲ့သုံးမျိုးကို လူနာလိုအပ်တဲ့ ပါဝင်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး လှူဒါန်းလို့ရပါတယ်။


အသေးစိတ်ဖတ်ရှုရန်: - https://www.facebook.com/104491637996583/posts/154802472965499/?extid=0&d=n


ဒါဆို ဘယ်လို လူနာတွေက သွေးလိုအပ်နေပါသလဲဆိုတာသိချင်ရင် အောက်ကပုံလေးတွေကို နှိပ်ပြီး တစ်ပုံချင်းစီ ဖတ်ပေးပါနော်။


ဒီ post လေးကိုဖတ်ပြီးနောက် COVID-19 ကာလအတွင်းမှာ သွေးလိုအပ်နေတဲ့သူတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီနိုင်ပေးချင်လို့၊ သွေးလှူချင်တယ်ဆိုရင် အောက်ပါလင့်ခ် မှတစ်ဆင့် Online Booking လုပ်လို့ရပါတယ်။


https://www.donatebloodmyanmar.org/booking


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။"


Reference: https://www.blood.co.uk/why-give-blood/how-blood-is-used/

https://www.ucsfbenioffchildrens.org/e…/why_blood_is_needed/

http://www.lifeshare.org/blog/blood-uses


၁။သွေးတွင်းရောဂါရှိသူများ


သွေးအားနည်းရောဂါ၊ ကင်ဆာရောဂါ၊ ကိုယ်တွင်းအင်္ဂါနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်နေသူတွေနဲ့ သွေးမတိတ်ရောဂါ၊ သွေးနီဥများပုံမမှန်၍ ဖျက်ဆီးခံရခြင်း၊ သွေးဥမွှားနည်းရောဂါ စသည့်ရောဂါလူနာတွေက သွေးလိုအပ်နေတဲ့ လူနာအရေအတွက်ရဲ့ ၇၁%ခန့် ရှိပါတယ်။ ကင်ဆာနဲ့ သွေးရောဂါလူနာတွေဆို သူတို့ လိုအပ်တဲ့ သွေးတွင်းပါဝင်ပစ္စည်းတွေကို ခန္ဓာကိုယ်က လိုအပ်သလောက် မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် ဒီရောဂါလူနာတွေ လိုအပ်နေတဲ့ သွေးတွင်းပါဝင်ပစ္စည်း (သို့) သွေးအမျိုးအစားကို သွင်းပေးခြင်း (transfusion therapy) ဖြင့် ကုသပေးရပါတယ်။


၂။ Accident နှင့် အရေးပေါ်လူနာများ


ယာဉ်တိုက်မှု၊ မီးလောင်မှုတို့ကြောင့် ဆေးရုံရောက်လာသော အရေးပေါ်လူနာများသည် သွေးလိုအပ်နေတဲ့ လူနာတွေရဲ့ ၂၄% ခန့်ရှိပါတယ်။ ထိခိုက်ဒဏ်ရာများကြောင့် သွေးအလွန်အကျွံဆုံးရှုံးရတဲ့အခါ ချက်ချင်းအချိန်မှီ သွေးပြန်သွင်းပေးရပါတယ်။ ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်လာတဲ့ လူနာတစ်ယောက်ဟာ သွေးယူနစ် ၁၀၀ လောက်အထိ သွင်းပေးဖို့လိုအပ်တာကြောင့် စေတနာသွေးလှူရှင်တွေ နေ့စဉ်ရှိနေမှသာ အသက်ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။


၃။ ခွဲစိတ်မှုအမျိုးမျိုး


နှလုံးခွဲစိတ်မှု၊ အရေးပေါ်ခွဲစိတ်မှုနှင့် အခြားသောအကြီးစားခွဲစိတ်မှုတွေမှာ ဆုံးရှုံးသွားတဲ့သွေးကို ပြန်လည်ဖြည့်တင်းရန် သွေးသွင်းဖို့လိုအပ်ပါတယ်။


၄။ ကလေးမွေးပြီးနောက် သွေးသွန်ခြင်း (Postpartum Haemorrhage)


ကလေးမွေးနေစဉ် နှင့် မွေးပြီးနောက် မိခင်များက သွေးလိုအပ်နေတဲ့လူနာတွေရဲ့ ၅% ခန့်ရှိပါတယ်။ သူတို့အနေနဲ့ ကလေးမွေးရလို့ သွေးသွန်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ သွေးတွေလျော့နည်းသွားပြီး အသက်ဆုံးရှုံးသည်ထိဖြစ်နိုင်တာကြောင့် လိုအပ်သလောက် သွေးပြန်သွင်းပေးရပါတယ်။


#RedRoseCampaign