သွေးကင်ဆာ အကြောင်းသိကောင်းစရာ

အားလုံးပဲမင်္ဂလာပါ။


အခုလို COVID-19 ကာလအတွင်း အမျိုးသားသွေးဌာနမှာ သွေးလှူရှင်အရေအတွက် သိသိသာသာကျဆင်းလာတာနဲ့အမျှ သွေးလက်ခံရန်စောင့်ဆိုင်းနေတဲ့ လူနာအရေအတွက်က ပိုပြီးတော့များပြားလာပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် သွေးလိုအပ်နေတဲ့ လူနာတွေထဲမှာ ကင်ဆာရောဂါဝေဒနာရှင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ ကင်ဆာလို့ပြောလိုက်တာနဲ့ ရောဂါအမျိုးအစားအရ ကုထုံးအမျိုးမျိုးသုံးပြီး ကင်ဆာဆဲလ်တွေက်ို ပုံမှန်တိုက်ဖျက်ရပါတယ်။ ကင်ဆာရောဂါအမျိုးမျိုးရှိတဲ့အထဲကမှ အခုတစ်ပါတ်မှာတော့ သွေးဆဲလ်တွေမှာ မျိုးရိုး ဗီဇပြောင်းလဲမှုဖြစ်ပြီး သွေးဖြူဥအရေအတွက် အဆမတန်ပွားများလာတဲ့ ”Leukemia” ခေါ် ”သွေးကင်ဆာ" ရောဂါအကြောင်း ရေးသားဖော်ပြပေးသွားပါမယ်။


1) Leukemia (သွေးကင်ဆာ) ဆိုတာဘာလဲ?


လူတွေရဲ့ ရိုးတွင်းခြင်ဆီကထွက်လာပြီး အရွယ်မရောက်သေးတဲ့ သွေးပင်မဆဲလ် (hematopoietic stem cells) တွေဟာ သူတို့ကတစ်ဆင့် ခန္ဓာကိုယ်အတွက်အရေးပါတဲ့ “သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားစတဲ့ သွေးဆဲလ်လေးတွေ ပုံမှန်ထုတ်လုပ်ပေးပါတယ်။ Leukemia (သွေးကင်ဆာ) ဆိုတာကတော့ Leuk = WBC (သွေးဖြူဥ)၊ emia = blood (သွေး) ဖြစ်ပြီး ယေဘုယျအားဖြင့် မျိုးရိုးဗီဇ ချို့ယွင်းချက် တစ်ခုခုကြောင့် ရိုးတွင်းခြင်ဆီကနေ မဖွံ့ဖြိုးသေးသော၊ ဖွံ့ဖြိုးမှုမပြီးသေးသော သွေးဖြူဥအများအပြားကို သွေးကြောလေးတွေထဲကို အဆက်မပြတ် ထုတ်ပေးတဲ့ “သွေးဖြူဥကင်ဆာ” တစ်မျိုး ဖြစ်ပါတယ်။


သွေးကင်ဆာဖြစ်ရင် မဖွံ့ဖြိုးသေးတဲ့သွေးဖြူဥတွေပဲ စုပုံလာတာမို့ သွေးဖြူဥရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ရောဂါပိုးတိုက်ထုတ်နိုင်စွမ်းလည်းကျဆင်းသွားသလို ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ သွေးဖြူဥတွေချည်းပဲ အများအပြားနေရာယူလာတာကြောင့် အခြားသွေးနီဥ၊ သွေးဥမွှား နဲ့ ပုံမှန်အရွယ်ရောက်ပြီးသားသွေးဖြူဥတွေပါ လျော့နည်းသွားပါတယ်။ (Chronic Myeloid Leukemia ခေါ် သရက်ရွက်(ဘေလုံး/ spleen ) နာတာရှည်သွေးကင်ဆာ အမျိုးအစားတွင်တော့ သွေးဥမွှားအရေအတွက်တက်လာတယ်လို့ တွေ့ရပါတယ်)

2) Leukemia(သွေးကင်ဆာ) ဘာလို့ဖြစ်တာလဲ?


သွေးကင်ဆာဖြစ်ပွားရတဲ့ အကြောင်းအရင်းအတိအကျကို အခုထိတော့

ဆေးသိပ္ပံလောကအတွင်း ရှာဖွေနေဆဲဖြစ်ပါတယ်။


အဓိကဖြစ်နိုင်ချေရှိတဲ့အချက်တွေကတော့

သွေးဖြူဥဆဲလ်အသစ်တွေ ပုံမှန်အတိုင်း အရွယ်ရောက်ပြီးပွားများဖို့ သွေးဆဲလ်ထဲကနေ ထိန်းချုပ်ပေးတဲ့ဗီဇ(DNA) ချို့ယွင်းပြောင်းလဲခြင်း၊

(ဥပမာ- ဗီဇပုံစံပြောင်းလဲပြီး အသစ်ဖြစ်ပေါ်လာသော “Philadelphia chromosome” ကို “Chronic Myeloid Leukemia” တွင်တွေ့ရပါတယ်)

မျိုးရိုးဗီဇနှင့်သက်ဆိုင်သောရောဂါရှိခြင်း(eg. Down syndrome, Bloom’s syndrome)

အခြားကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှုခံယူဖူးခြင်း၊

ဓါတုပစ္စည်းများ (eg. ရေနံစိမ်း၊ ဓါတ်ဆီတို့တွင် ပါဝင်သော Benzene) နှင့်ထိတွေ့မှုရှိခြင်း၊

X-ray ခဏခဏရိုက်ဖူးသော ကိုယ်ဝန်သည်များမှ မွေးလာမည့်ကလေးတွင် ဖြစ်နိုင်ချေများခြင်း၊

ဆေးလိပ်ရေရှည်စွဲသောက်ခြင်း တို့ဖြစ်ပါတယ်။


သွေးကင်ဆာအမျိုးအစားကရောဘယ်နှစ်မျိုးရှိလဲ?


သွေးကင်ဆာအမျိုးအစားကတော့-


Chronic Leukemia (နာတာရှည်သွေးကင်ဆာ)

Acute Leukemia (ရုတ်တရက်ဖြစ်ပေါ်လာသော သွေးကင်ဆာအပြင်းစား) ဆိုပြီး ပျံနှံ့မှုနှုန်း နဲ့ သွေးဆဲလ်အမျိုးအစားပေါ် မူတည်ပြီး အကြမ်းဖျင်းနှစ်မျိုး ခွဲလို့ရပါတယ်။


ထပ်မံ၍ သွေးဖြူဥဆဲလ်များ ထိခိုက်မှုပေါ်မူတည်ပြီး ခွဲခြားပါက-


Chronic Leukemia တွင်-

•Chronic Myeloid Leukemia(CML),

•Chronic Lymphocytic Leukemia(CLL) ဆိုပြီးခွဲထားပါတယ်။

(မြန်မာလို “သရက်ရွက်(ဘေလုံး/spleen ) နာတာရှည်သွေးကင်ဆာ”နဲ့ “အကျိတ်နာတာရှည်သွေးကင်ဆာ” လို့အကြမ်းဖျင်းခေါ်ဝေါ်လေ့ရှိပါတယ်။)


Acute Leukemia တွင်-

•Acute Myeloid Leukemia(AML)၊

•Acute Lymphoblastic Leukemia(ALL) ဆိုပြီး အဓိကခွဲထားပါတယ်။ “AML” မှာတော့ အမျိုးအစားကွဲ ၈မျိုး ထပ်ရှိပါသေးတယ်။

•သွေးကင်ဆာဟာ အရွယ်မရွေးဖြစ်နိုင်ပေမယ့် "ALL" ကတော့ ကလေးတွေမှာ ၄ဆပိုအဖြစ်များပါတယ်။


Chronic Leukemia နဲ့ Acute Leukemia ခြားနားချက်ကဘာဖြစ်မလဲ?


”Chronic Leukemia” မှာတော့ ဖွံ့ဖြိုးမှုမရှိသောသွေးဖြူဥဆဲလ်ထက် အတိုင်းအတာတစ်ခုထိ ဖွံ့ဖြိုးပြီးသောသွေးဖြူဥဆဲလ်များကို ကျန်တဲ့ ပုံမှန် သွေးဖြူဥ၊သွေးနီဥ၊သွေးဥမွှား တွေနှင့်အတူ ပိုတွေ့ရပါတယ်။ ထိုသွေးဖြူဥများသည် တဖြည်းဖြည်း ပွားလာပြီး ပုံမှန်သွေးဖြူဥ ဆဲလ်တစ်ခု၏ လုပ်ငန်းဆောင်တာများကို အချိန်တစ်ခုထိလုပ်နိုင်သောကြောင့် အစပိုင်းတွင် လက္ခဏာမပြတတ်ပါ။ အချိန်အတိုင်းအတာတစ်ခုကို ကျော်လွန်သွားလျှင်တော့

ဗီဇပြောင်းလဲမှုပိုပိုဆိုးလာကာ မဖွံ့ဖြိုးသေးတဲ့သွေးဆဲလ်တွေ ပိုများလာပြီး “Acute leukemia” ဖြစ်သွားနိုင်ပါတယ်။ အဲ့လို အရွယ်မရောက်မသေးတဲ့ သွေးဆဲလ်တွေစုပုံလာတဲ့ “Acute leukemia (Blast crisis)” လို့ခေါ်တဲ့ အခြေအနေပြောင်းသွားတတ်လို့ သတိထားပေးဖို့လိုပါတယ်။


”Acute Leukemia”မှာတော့ ပုံမှန်အတိုင်း ဖွံ့ဖြိုးမှုမရှိသောသွေးဆဲလ်အများအပြားတွေ့ရပါတယ်။ ထိုဆဲလ်တွေက ပုံမှန်သွေးဆဲလ်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်သည့်အပြင် အရေအတွက် အလျှင်အမြန်ပွားများလို့ ရောဂါအခြေအနေ ပြင်းထန်ပါတယ်။ ဒါ့ကြောင့် မြန်မြန်နဲ့စနစ်တကျ ကုသနိုင်ဖို့လိုပါတယ်။



3)ဘယ်လိုရောဂါလက္ခဏာတွေနဲ့လာနိုင်လဲ?


သွေးအားနည်းခြင်း၊ ပင်ပန်းနုံးချိခြင်း၊

ကိုယ်ခန္ဓာတွင် အလွယ်တကူ သွေးထွက်ခြင်း ၊ အရေပြားပေါ်တွင် သွေးခြေဥလွယ်ခြင်း ခဏခဏနှာခေါင်းသွေးလျှံခြင်း၊

ရောဂါပိုးများအလွယ်တကူဝင်ရောက်ခြင်း၊ မကြာခဏဖျားခြင်း၊

ပြန်ရည်ကြောအကျိတ်များ ရောင်ရမ်းပြီးကြီးခြင်း၊ သွားဖုံးရောင်ခြင်း၊

သရက်ရွက် (ဘေလုံး၊ spleen ) နှင့် အသည်းကြီးခြင်း၊

အရိုးအဆစ်များ နာကျင်ခြင်း၊

ကိုယ်အလေးချိန် သိသာစွာကျဆင်းခြင်း အစရှိတဲ့ ရောဂါလက္ခဏာများကို သွေးကင်ဆာအမျိုးအစားအလိုက် တွေ့ရှိရတတ်ပါတယ်။


“Chronic Myeloid Leukemia” မှာတော့

Spleen (ဘေလုံး) အဓိကကြီးပြီး “Chronic Lymphocytic Leukemia” ကတော့

ပြန်ရည်ကြောအကျိတ်က ပိုပြီးသိသိသာသာ

အရွယ်အစားကြီးတာကိုတွေ့ရပါတယ်။


4) ဘယ်လိုကုသမှုမျိုးတွေပေးရမလဲ?


ကင်ဆာဆေးသွင်းခြင်း၊ကင်ဆာဆေးသောက်ခြင်း၊ ဓာတုကုထုံး (Chemotherapy)၊

ဓာတ်ရောင်ခြည်ကုထုံးခံယူခြင်း(Radiotherapy)၊

ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း(Bone marrow/Stem cell transplant)၊

ဗီဇပြောင်းလဲသွားသော ကင်ဆာဆဲလ်များကို တိုက်ရိုက်သတ်ပေးသော ကင်ဆာဆေးသောက်ခြင်း (Biological Therapy) စတဲ့ကုသမှုတွေနဲ့ ရောဂါပြင်းထန်မှုအမျိုးအစားအလိုက် စနစ်တကျ၊ ဇွဲရှိရှိကုသမယ်ဆို ရောဂါလက္ခဏာ အတော်အသင့် သက်သာသည်အထိ ကုသနိုင်ပါတယ်။


“ကင်ဆာရောဂါရှင်များကူညီစောင့်ရှောက်မှုအသင်း” ကဲ့သို့သော အဖွဲ့အစည်းဝင် လူနာအချို့တွင်လည်း ဆေးပုံမှန်သောက်သုံးကာ နေထိုင်ကောင်းမွန်လျက်ရှိသော သွေးကင်ဆာရှင်များရှိကြောင်း သိရှိရပါတယ်။ ဒါကြောင့် လူနာကိုယ်တိုင်သာမက မိသားစုဝင်တွေပါလွယ်လွယ်နဲ့ စိတ်ဓါတ်မကျဖို့ အားပေးပါရစေ။


နောက်ပြီး "သွေးကင်ဆာ" နဲ့ ဓာတ်ကင်ခြင်းကဲ့သို့ သော ကင်ဆာကုထုံးတွေကြောင့် ကျဆင်းသွားတဲ့ ပုံမှန်သွေးဆဲလ်အရေအတွက်ကို ပြန်လည်ဖြည့်တင်းဖို့ အတွက် လူနာအများစုမှာ ပုံမှန်သွေးသွင်းရန်လိုအပ်လျက်ရှိပါတယ်။ အဲ့တာကြောင့် စိတ်ဓာတ်ခွန်အားအပြည့်နဲ့ တိုက်ပွဲဝင်နေတဲ့ လူနာတွေကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးတဲ့အနေနဲ့ အခုလိုကာလအတွင်းရော၊ နောက်နောင်ရောသွေးလှူပေးကြဖို့ ဆော်ဩ တိုက်တွန်းလိုက်ပါတယ်။

ဒီစာလေးကိုအဆုံးထိဖတ်ပြီးတဲ့အချိန်မှာလည်း “သွေးကင်ဆာ” အကြောင်း အတိုင်းအတာတစ်ခုထိ နားလည်သဘောပေါက်သွားမယ်လို့ မျှော်လင့်မိပါတယ်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - https://www.donatebloodmyanmar.org/booking


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။" "A drop of blood for you, a hope of a lifetime for them."


#RedRoseCampaign