သွေးရည်ကြည်ကုထုံးနှင့် ကောင်းကျိုးဆိုးကျိုးအသွယ်သွယ်

COVID-19 ကင်းစင်သောအနာဂတ်၊ အလားအလာရှိသော သင့်ရဲ့သွေးရည်ကြည်တစ်စက်


အားလုံးပဲမင်္ဂလာပါ။


သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ရဲ့မိသားစု၊ သင့်ရဲ့ မိတ်ဆွေသူငယ်ချင်း၊ သင့်ပတ်ဝန်းကျင်က သင်ချစ်ခင်လေးစားရသူတွေထဲမှာ COVID-19 ရောဂါကူးစက်ခံရပြီး ပြန်လည်သက်သာကောင်းမွန်လာသူတွေ၊ အခုလက်ရှိအချိန်မှာ COVID-19 ရောဂါဝေဒနာ ခံစားနေရသူတွေရှိရင် ဒီစာလေးကိုအဆုံးထိဖတ်ပေးဖို့ တောင်းဆိုပါရစေ။


COVID-19 ရောဂါကူးစက်ခံထားရသူတွေအတွက် ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသမှုအမျိုးမျိုးရှိတဲ့အထဲမှာမှ “သွေးရည်ကြည်ကုထုံး”အသုံးပြုခြင်းက COVID-19 ရောဂါတိုက်ဖျက်ရာမှာ အလားအလာရှိတဲ့ ကုသမှုတစ်ရပ်ဖြစ်ကြောင်း လက်တွေ့စမ်းသပ်မှုအသီးသီးရဲ့ ရလဒ်တွေကနေတစ်ဆင့် တွေ့ရှိထားပါတယ်။ သွေးရည်ကြည်ကုထုံးအကြောင်း အသေးစိတ်ကို အရင်အပတ်တွေမှာလည်း မိတ်ဆက်ပေးပြီးဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး COVID-19 ရောဂါကနေ ပြန်လည်သက်သာလာသူတွေရဲ့သွေးရည်ကြည်ကို လူနာထံပေးသွင်းပြီး ရောဂါလက္ခဏာသက်သာအောင် ကုသတဲ့နည်းကို “သွေးရည်ကြည်ကုထုံး”လို့ခေါ်ပါတယ်။

သွေးရည်ကြည်ကုထုံးသုံးပြီး ရောဂါနုသူတွေ ရောဂါပြင်းထန်အဆင့်ကိုမရောက်စေဖို့၊ ဝေဒနာခံစားနေရသူတွေ အမြန်သက်သာပျောက်ကင်းစေဖို့၊ စိတ်ဒုက္ခတွေ ဆက်လက်ပြီးအဓွန့်မရှည်စေဖို့အတွက် မိမိရဲ့ သွေးရည်ကြည်လှူဒါန်းပေးမယ့် စေတနာအလှူရှင်အသီးသီး လိုအပ်လျက်ရှိပါတယ်။ သင့်ရဲ့ကိုယ်ခန္ဓာထဲက ကုန်ဆုံးသွားတဲ့ သွေးရည်ကြည်ကို ပြန်လည်အစားထိုးဖြည့်တင်းလို့ရပေမယ့် လူ့အသက်ကိုတော့ အစားထိုးဖို့မဖြစ်နိုင်တဲ့အတွက် သင့်သွေးရည်ကြည်ကိုအသုံးပြုပြီး လူတစ်ဦးကနေ သုံးဦးရဲ့အသက်ကို ကယ်တင်လိုက်ပါ။ ဒါဟာ COVID-19 ဖြစ်ပွားခဲ့သူတွေမှာသာရှိတဲ့ အဖိုးတန်လှတဲ့ အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး “သွေးရည်ကြည်ကုထုံး” ရဲ့ ကောင်းကျိုးဆိုးကျိုးအသွယ်သွယ်” ကိုပြောပြပေးသွားပါမယ်။


သွေးရည်ကြည်လှူဒါန်းလိုပါက -

https://www.ccpmm.org တွင်စာရင်းပေးသွင်း၍ လှူဒါန်းနိုင်ပါတယ်။


#RedRoseCampaign




၁။ သွေးရည်ကြည်ကုထုံးက ဘယ်လောက်အတိုင်းအတာထိ အကျိုးသက်ရောက်မှုရှိလဲ?


သွေးရည်ကြည်ကုထုံးလက်ခံမယ့် လူနာရဲ့ရောဂါပြင်းထန်မှုအခြေအနေ၊ အသက်အရွယ်အပိုင်းအခြား၊ ပိုးရှိကြောင်းအတည်ပြုပြီး သွေးရည်ကြည်ကုထုံး စတင်ခံယူတဲ့ရက်၊ ရောဂါအခံရှိမရှိ၊ COVID-19 ကုသမှုနဲ့သက်ဆိုင်တဲ့ အခြားဆေးဝါးများသုံးစွဲမှုရှိမရှိနဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ ပဋိပစ္စည်း(antibodies) ပါဝင်မှုပမာဏ စတဲ့အချက်တွေပေါ်မူတည်ပြီး လူတစ်ဦးနဲ့တစ်ဦးအပေါ် အကျိုးသက်ရောက်မှု ကွာခြားနိုင်ပါတယ်။ ယခုလက်ရှိအချိန်ထိလည်း ”Randomized clinical trials” ခေါ် အဆင့်လေးဆင့်ပါဝင်တဲ့ တရားဝင်လက်တွေ့စမ်းသပ်မှုတစ်ရပ် ပြုလုပ်ဆဲအဆင့်မှာပဲ ရှိသေးတဲ့အတွက် COVID-19 ကို ကာကွယ်တိုက်ဖျက်တဲ့နေရာမှာ ဘယ်လောက်အတိုင်းအတာအထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာ အတိအကျမပြောနိုင်သေးပါ။


အမေရိကန်ပြည်ထောင်စုအခြေစိုက် “Mayo Clinic” ကတော့ May လမှစတင်ပြီး ”Convalescent Plasma Program” ကိုအကောင်အထည်ဖော်ကာ သွေးရည်ကြည်ကုထုံးနဲ့ ပတ်သက်ပြီး စမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ program မှာ ရောဂါပြင်းထန်အဆင့်ရှိတဲ့ လူနာပေါင်း ၃၅,၀၀၀ ပါဝင်ပြီးတော့ ပိုးရှိအတည်ပြုပြီး ၄ရက်မြောက်နေ့နောက်ပိုင်းမှာမှ သွေးရည်ကြည်ကုသမှု စတင်ခံယူခဲ့သူအုပ်စုနဲ့ ပိုးရှိအတည်ပြုပြီး ၃ရက်အတွင်း ကုသမှုခံယူတဲ့ အုပ်စုနှစ်စုကို ယှဉ်ကြည့်မယ်ဆိုရင် သေဆုံးမှုနှုန်းက ၁၁.၉% ကနေ ၈.၉%အထိ လျော့ကျသွားတာတွေ့ရပြီး အလားတူ Antibodies ပါဝင်မှုနည်းတဲ့သွေးရည်ကြည်နဲ့ ပါဝင်မှုမြင့်မားတဲ့ သွေးရည်ကြည်လက်ခံရရှိသူအချင်းချင်း ယှဉ်ကြည့်ရာမှာလည်း သေဆုံးမှုနှုန်းက ၁၃.၇% ကနေ ၈.၉% အထိလျော့ကျသွားတာကို တွေ့ရပါတယ်။ ဒါကြောင့်ပိုးရှိကြောင်းအတည်ပြုပြီး ဆေးရုံမှာစတင်ကုသမှုခံယူတာနဲ့တစ်ပြိုင်နက် သွေးရည်ကြည်ပေးနိုင်မယ်ဆို ပိုပြီးအကျိုးသက်ရောက်မှု များနိုင်ပါတယ်။


မြန်မာနိုင်ငံတွင်လည်း COVID ရောဂါပြင်းထန်စွာ ခံစားခဲ့ရတဲ့ ၄၂ ဦးကို သွေးရည်ကြည်ကုထုံးဖြင့် ကုသရာ ၃၁ ဦး သက်သာလာပြီဖြစ်ပြီး ပြန်လည်သက်သာမှုနှုန်းမှာ လူနာ၁၀ဦးတွင် ၇ဦးမှ ၈ဦးအထိရှိနေပါတယ်။ အခုအချက်အလက်တွေအရ သွေးရည်ကြည်ကုထုံးဟာ COVID-19 ရောဂါရှင်တွေအတွက် အကျိုးကျေးဇူးရှိပြီး အင်မတန်မှအလားအလာကောင်းတဲ့ ကုထုံးတစ်ရပ်လို့ ပြောလို့ရပါတယ်။



၂။သွေးရည်ကြည်လှူဒါန်းခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?


ပထမဦးဆုံးအနေနဲ့ COVID-19 ဖြစ်ပွားခဲ့သူတွေမှာသာရှိတဲ့ လူ့အသက်ကယ်တင်နိုင်တဲ့ အခွင့်အရေးမို့လို့ အဆိုးထဲကအကောင်းလို့ပြောရမှာပါ။ မိမိရဲ့သွေးကြည်ရည်ကို အချိန်လေးနည်းနည်းပေးပြီး လှူဒါန်းလိုက်ရုံနဲ့ ကိုယ့်လိုရောဂါကူးစက်ခံခဲ့ရသူတွေရဲ့ စိတ်ဒုက္ခတွေ၊ ရောဂါဝေဒနာတွေကို အနည်းနဲ့အများသက်သာပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်စွမ်းရှိတာမို့ စိတ်ပိုင်းဆိုင်ရာအရ ကိုယ်တိုင်စိတ်ကျေနပ်ပျော်ရွှင်မှု အပြည့်အဝရရှိနိုင်ပါတယ်။


နောက်ပြီးသွေးရည်ကြည်လှူဒါန်းလိုတဲ့ အလှူရှင်တွေရဲ့ သွေးရည်ကြည်မှာပါဝင်တဲ့ ပဋိပစ္စည်းများ(antibodies) သတ်မှတ်ပမာဏပြည့်မီမှုရှိမရှိ၊ သွေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါများရှိမရှိ စတဲ့စစ်ဆေးမှုများပြုလုပ်ရလို့ မိမိသွေးအမျိုးအစားလည်း သိပြီးသားဖြစ်၊ ရောဂါပိုးကင်းစင်ကြောင်းလည်း စစ်ဆေးပြီးသားဖြစ်ပါတယ်။




၃။ သွေးရည်ကြည်ကုထုံးနဲ့ပတ်သက်ပြီး ဘယ်လိုဆိုးကျိုးတွေကို သတိထားဖို့လိုအပ်သလဲ?


သွေးရည်ကြည်ကုထုံးက ယခုခေတ်မှာမှ စတင်ပေါ်ပေါက်လာတဲ့ ကုသနည်းအသစ်မဟုတ်ပါဘူး။ ပိုးသတ်ဆေးတွေမပေါ်မီခေတ်ကစလို့ သမိုင်းကြောင်းတစ်လျှောက် “1918 flu, mealses, SARS, MERS” စတဲ့ရောဂါတွေ ကုသတဲ့နေရာမှာလည်း အသုံးပြုခဲ့ပြီး အန္တရာယ်ကင်းတဲ့ ကုသနည်းတစ်မျိုးဖြစ်ပါတယ်။နောက်ပြီး အလှူရှင်တွေလှူဒါန်းထားတဲ့သွေးရည်ကြည်ဟာ စစ်ဆေးမှုအဆင့်ဆင့်ကိုဖြတ်ကျော်ပြီးပြီဖြစ်လို့ သွေးကတစ်ဆင့်ကူးစက်တတ်တဲ့ “HIV၊ Bပိုး၊ Cပိုး” လိုရောဂါတွေပါလာမှာ လုံးဝစိုးရိမ်စရာမလိုပါဘူး။


သွေးရည်လက်ခံရရှိသူ အချို့မှာတော့


  • Allergic reactions(ဓါတ်မတည့်ခြင်း)

  • Transfusion-associated circulatory overload (ပြင်ပမှရုတ်တရက်ဝင်ရောက်လာတဲ့ သွေးထုထည်ကို ခန္ဓာကိုယ်ကကောင်းကောင်းလက်မခံနိုင်ဘဲ ခန္ဓာကိုယ်တွင်း volume overload ဖြစ်သွားတာပါ။ အဆုတ်တွင်းမှာပါ ရေတွေစုပုံပြီး အသက်ရှုရခက်ခဲတဲ့လက္ခဏာနဲ့ လာတတ်ပါတယ်။)

  • Transfusion-related acute lung injury (သွေးသွင်းခြင်းရဲ့နောက်ဆက်တွဲ အဆုတ်ထိခိုက်မှု)

  • Blood clotting(သွေးခဲခြင်း) စတဲ့ လက္ခဏာအချို့ခံစားရနိုင်ပါတယ်။


သို့ပေမယ့် ဖြစ်နိုင်ချေ အင်မတန်နည်းပါးပြီး စုစုပေါင်းလူနာဦးရေရဲ့ တစ်ရာခိုင်နှုန်းအောက်မှာသာ အဆိုပါတုံ့ပြန်မှုမျိုး တွေ့ရတတ်ပါတယ်။



၄။သွေးရည်ကြည်လှူဒါန်းခြင်းက မိမိအတွက် အန္တရာယ်ရှိနိုင်ပါသလား?


ဆေးသုတေသနဦးစီးဌာနမှာ သွေးရည်ကြည်လာရောက်လှူဒါန်းသူတွေဆီက သွေးရည်ကြည်ထုတ်ယူတဲ့အခါ ပိုးသတ်ထားပြီးသား (သို့) တစ်ခါသုံးအပ်တွေကိုသာအသုံးပြုလို့ သွေးကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကူးမှာ လုံးဝစိတ်ပူစရာမလိုပါဘူး။ အလှူရှင်တိုင်းကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီး သတ်မှတ်ချက်တွေနဲ့ကိုက်ညီသူသာ လှူဒါန်းနိုင်တာမို့ မမျှော်လင့်ထားတဲ့အန္တရာယ်တွေ မရှိနိုင်ပါဘူး။


သွေးရည်ကြည်လှူပြီးတဲ့အခါ သွေးရည်ကြည်တွင်းပါဝင်တဲ့ ရေဓါတ်၊ အာဟာရဓါတ်နဲ့ ဓါတ်ဆားပမာဏ လျော့နည်းသွားတာကြောင့် ရေဓာတ်ဆုံရှုံးခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ အနည်းငယ်ခံစားရနိုင်ပါတယ်။

ဒါ့အပြင် သွေးပြန်ကြောကိုအပ်နဲ့ဖောက်ပြီး သွေးရည်ကြည်ယူတဲ့အခါ အခန့်မသင့်ရင် အရေပြားပေါ်အညိုမဲစွဲနိုင်ချေရှိပါတယ်။


နောက်ဆုံးအနေနဲ့ “citrate reaction” ဆိုတဲ့ အခြေအနေတစ်မျိုး ဖြစ်တတ်ပါတယ်။

သွေးရည်ကြည်ထုတ်ယူရာမှာ သွေးမခဲအောင် ထည့်ရတဲ့ “citrate solution” က မိမိကိုယ်တွင်း ပြန်လည်ထည့်သွင်းပေးလိုက်တဲ့ သွေးနီဥတွေနဲ့အတူ အနည်းငယ်ရောပါလာပြီး အသည်းကမြန်မြန်မသန့်စင်ပေးနိုင်တဲ့အခါ ခဏတာခြေဖျားလက်ဖျားအေးစက်ထုံကျင်ခြင်း၊ ချမ်းတုန်ခြင်း စတဲ့လက္ခဏာအချို့ ခံစားရတတ်ပါတယ်။


သို့ပေမယ့် ဖော်ပြပါလက္ခဏာတွေဟာ ဖြစ်နိုင်ချေလည်းနည်းသလို တစ်စုံတစ်ရာ ခံစားရ ရင်တောင် နားလည်တတ်ကျွမ်းမှုအပြည့်ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက အနီးကပ်ကြည့်ရှုစောင့်ရှောက်မှုပေးမှာမို့

စိတ်ချလက်ချနဲ့ သွေးရည်ကြည်လှူဒါန်းနိုင်ပါတယ်။


References: https://www.fda.gov/media/141479/download

https://www.medrxiv.org/content/10.1101/2020.08.12.20169359v1