‌သွေးရည်ကြည် ဘယ်လိုလှူကြမလဲ?

အားလုံးပဲ မင်္ဂလာပါ။


အခုလို COVID-19 ကပ်ရောဂါကို ကာကွယ်ဆေးတွေ၊ ဖြေဆေးတွေရှာဖွေကြတဲ့ နေရာမှာ သွေးရည်ကြည်လှူဒါန်းတာနဲ့ပတ်သက်ပြီး နည်းနည်းပြောပြချင်ပါတယ်။ သွေးရည်ကြည်ကုထုံးဟာဆိုရင် COVID-19 ရောဂါလူနာတွေကို ကုသတဲ့နေရာမှာ ထိရောက်တဲ့ကုသနည်းတစ်မျိုးဖြစ်ပြီး အခု စမ်းသပ်ကုသမှုတွေပြုလုပ်တဲ့အခါမှာလည်း လူ ၁၀ ယောက်မှာ ၇ (သို့) ၈ ယောက်အထိပြန်လည်သက်သာလာတာကို တွေ့ရပါတယ်။

COVID-19 ကပ်ရောဂါကာလဟာ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန်နဲ့ပြီးဆုံးသွားမှာ မဟုတ်ပေမယ့် အခုလို သွေးရည်ကြည်ကုထုံးရဲ့အကူအညီနဲ့ သွေးရည်ကြည်လှူဒါန်းမယ့် အလှူရှင်တွေသာ ပေါ်ပေါက်လာမယ်ဆိုရင်တော့ COVID-19 ကပ်ရောဂါကို ကုသနိုင်မယ့်၊ ရောဂါသက်သာပျောက်ကင်းလာမယ့် လမ်းစဟာ တဖြည်းဖြည်းရုပ်လုံးပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး အခုလို မိမိရဲ့သွေးရည်ကြည် (plasma) ကိုလှူဒါန်းခြင်းအားဖြင့် မဆုံးရှုံးသင့်တဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ COVID-19 ကြောင့် ကျွန်တော်တို့အပါအဝင် ကမ္ဘာပေါ်ကလူသားတိုင်းဟာ ကျန်းမာရေး၊ စီးပွားရေး၊ စိတ်အခြေအနေ စတာတွေကို တစ်ခုမဟုတ်တစ်ခု ထိခိုက်နေကြရပါတယ်။ သင်ကိုယ်တိုင်လည်း ဒီရောဂါကြီးကို ခံစားရစဉ်က မိမိရဲ့ကျန်းမာရေးကို ထိခိုက်စေရုံသာမက စိတ်ဆင်းရဲမှုများ နှင့် စိုးရိမ်သောကများကိုလည်း ခံစားခဲ့ရမယ်ထင်ပါတယ်။ ဒါပေမဲ့ အဆိုးထဲက အကောင်းတစ်ခုကတော့ လူတိုင်းမပြုလုပ်နိုင်တဲ့ လှူဒါန်းမှုတစ်ခု၊ ကောင်းမှုတစ်ခုနဲ့ အခြားသူတွေရောဂါခံစားနေရတာကို လျော့ပါးသွားအောင် သင်ကိုယ်တိုင် ပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ သင့်ရဲ့လှူဒါန်းမှု၊ သင့်ရဲ့သွေးရည်ကြည်ဟာ ကျွန်တော်တို့အားလုံးရဲ့ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်ပါတယ်။

သွေးရည်ကြည်လှူဒါန်းလိုပါက - ccpmm.org


#RedRoseCampaign





၁။ သွေးရည်ကြည်လှူတယ်ဆိုတာ ဘယ်လိုမျိုးလဲ?

တကယ်တော့ သွေးရည်ကြည်လှူဒါန်းခြင်းဆိုတာပုံမှန်သွေးလှူဒါန်းတာနဲ့ ခပ်ဆင်ဆင်ပါပဲ။ ပုံမှန်သွေးလှူမယ်ဆိုရင် မိမိကိုယ်ထဲကနေ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည် အကုန် ရောယှက်နေတဲ့ သွေးကို လှူလိုက်ရမှာဖြစ်ပြီး သွေးရည်ကြည်လှူဒါန်းရင်တော့ မိမိကိုယ်ထဲကနေ သွေးကိုအရင်ထုတ်၊ သွေးရည်ကြည်ကို စစ်ယူပြီး ကျန်တဲ့ သွေးဆဲလ်တွေကို

ကို ခန္ဓာကိုယ်ထဲကို ပြန်သွင်းပေးပါတယ်။

မိမိဟာ COVID-19 ရောဂါကနေ ပြန်လည်ကောင်းမွန်လာတဲ့ လူတစ်ယောက်ဆိုရင်တော့ မိမိရဲ့ သွေးရည်ကြည်ဟာ အခြားအခြားသော COVID-19 ရောဂါခံစားနေရတဲ့လူနာတွေကို ရောဂါသက်သာပျောက်ကင်းလာအောင် လုပ်ဆောင်ပေးနိုင်မှာပါ။ ဒါဟာ COVID-19 ရောဂါကို တိုက်ဖျက်ရာမှာ မိမိတတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်လိုက်တာနဲ့ တူတူပါပဲ။









၂။ သွေးရည်ကြည်ကို ဘယ်လိုလှူရမလဲ?

၁။ ပထမအဆင့်အနေနဲ့ ccpmm.org မှာ မိမိရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ နေထိုင်သည့်မြို့နယ်နှင့် အီးမေးလ် စသည့် အချက်အလက်များကို ဖြည့်စွက်ပေးပါ။


၂။ သွေးလှူဒါန်းနိုင်ရန်အတွက် ကျန်းမာရေးအခြေအနေဆန်းစစ်ရန်နှင့် လှူဒါန်းမည့်နေ့ကို စီစဉ်ပေးရန် ဆရာဝန်မှ သင့်အားဖုန်းဖြင့် ဆက်သွယ်ပါမည်။ ဆရာဝန်တွေက COVID-19 ရောဂါပျောက်ကင်းထားသူဟုတ်၊ မဟုတ်နဲ့ မိမိတို့ရဲ့ COVID-19 ရောဂါလူနာအမှတ်စဉ်နံပါတ်ကို အဓိကထားမေးသွားမှာ ဖြစ်ပါတယ်။


၃။ ထို့​နောက်သင်၏ သွေးနမူနာယူ၍ လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ပါမည်။ သွေးလှူဒါန်းရမည့် နေ့ရက်နှင့်အချိန်ကို ဖုန်းဖြင့် ပြန်လည် အသိပေးပါမည်။ သွေးနမူနာစမ်းသပ်ပြီးနောက် antibody ကောင်းမွန်ပါက သွေးစစ်ပြီးချက်ချင်း နောက်ရက်တွင်လှူဒါန်းနိုင်ပါတယ်။ antibody အရေအတွက် မပြည့်သေးပါက ရက်အနည်းငယ် စောင့်ဆိုင်းရပါမယ်။ (ပုံမှန်အားဖြင့် antibody သည် ရက် ၄၀ အကြာတွင်ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။)


၄။ လှူဒါန်းရမည့်နေ့တွင် ဆေးသုတေသနဦးစီးဌာနသို့ လာရောက်ရပါမည်။


သွေးရည်ကြည်လှူဒါန်းသည့် ကြာမြင့်ချိန်မှာ ၄၅ မိနစ်မှ တစ်နာရီခန့်ဖြစ်ပါတယ်​။ အလှူရှင်ရဲ့ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး သင့်တော်တဲ့ပမာဏကိုသာ ထုတ်ယူမှာ ဖြစ်ပါတယ် (အကြမ်းဖြင်းအားဖြင့် ၄၅၀ မီလီလီတာ ခန့်)။ သွေးရည်ကြည်ကို တစ်လတစ်ခါ လှူဒါန်းနိုင်ပြီး တစ်ခါလှူရင် အသက်သုံးသက်အထိ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။





၃။ သွေးရည်ကြည်လှူမယ်ဆိုရင် ဘာတွေသိထားသင့်လဲ?


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သွေးရည်ကြည်လှူဒါန်းလိုသူသည်


၁။ အရေးကြီးဆုံးအနေဖြင့် COVID-19 ရောဂါပိုး (SARS-Cov-2) ကူးစက်ခံရပြီး ၂၈ ရက်ထက်မနည်း ပကတိနေကောင်းနေသူ ဖြစ်ရပါမယ်။ ထိုသူသည် ရောဂါပျောက်ကင်းပြီးရက် ၄၀ အကြာတွင်သွေးရည်ကြည်လှူဒါန်းနိုင်ပါတယ်။

၂။ အသက် ၁၈-၆၀ နှစ် ကြားရှိရပါမယ်။

၃။ ကိုယ်အလေးချိန် ပေါင် ၁၂၀ (ကျား)၊ ၁၁၀ (မ) အနည်းဆုံးရှိရပါမယ်။

၄။ ကျန်းမာရေးကောင်းမွန်နေသူ ဖြစ်ရပါမယ်။

၅။ အခြားသွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါ (HIV၊ B ပိုး၊ C ပိုး) များကင်းစင်သူ ဖြစ်ရပါမယ်။


သွေးလှူဒါန်းသည့်အခါ ရရှိလာသောသွေးများကို Plasmapheresis machine (သွေးရည်ကြည်နဲ့ သွေးဆဲလ်များကိုအလိုအလျောက် ခွဲခြားပေးနိုင်သည့်စက်) ထဲထည့်ပြီး သွေးရည်ကြည်ကို သီးခြားစုဆောင်းပါတယ်။ ကျန်ရှိနေတဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားလို့ခေါ်တဲ့ သွေးဆဲလ်များကိုတော့ သင့်ခန္ဓာကိုယ်ထဲကို အလိုအလျောက်ပြန်ပို့ပေးပါတယ်။ ဒါကြောင့် သွေးအားနည်းမှာ၊ ကိုယ်ခံအားကျမှာကို စိုးရိမ်စရာမလိုပါဘူး။ ခန္ဓာကိုယ်ကလည်း လျော့သွားတဲ့ ရေဓါတ် နှင့် အာဟာရဓါတ်တွေကို ၂ ရက်အတွင်း အမြန်ဆုံးပြန်လည် ဖြည့်တင်းပေးပါတယ်။






၄။ လှူလိုက်တဲ့သွေးရည်ကြည်ကို ဘယ်လိုအသုံးပြုလဲ?

COVID-19 ရောဂါမှ ပြန်လည်ကောင်းမွန်လာတဲ့ လူနာများရဲ့ သွေးရည်ကြည်ထဲမှာ COVID-19 ရောဂါကို တိုက်ထုတ်ပေးတဲ့ Antibody (ရောဂါတိုက်ထုတ်ပေးသော ပဋိပစ္စည်း) လေးတွေပါဝင်ပါတယ်။ သူတို့က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး Corona ဗိုင်းရပ်စ်ကိုတိုက်ထုတ်နိုင်ပါတယ်။ ထို့ကြောင့် လှူဒါန်းလိုက်တဲ့ သွေးရည်ကြည်ကို ဓာတ်ခွဲခန်းများသို့ ပို့ပါတယ်။ အဲ့ဒီမှာ ဗိုင်းရပ်စ်များကို ပေါင်းစပ်ခြင်း၊ ပြုပြင်ခြင်း၊ ဖယ်ရှားခြင်းတို့ပြုလုပ်ပြီး ပဋိပစ္စည်းကို ယုံကြည်စိတ်ချရတဲ့ အခြေအနေအထိ (hyper immune globulin) ဖြစ်လာစေရန် သန့်စင်ပါတယ်။ သန့်စင်ပြီးသော သွေးရည်ကြည်များကို အ အေးခန်းများတွင်သိမ်းဆည်းထားပြီး သွေးရည်ကြည်လိုအပ်သော COVID-19 လူနာများအတွက် ကုသရာမှာ အသုံးပြုပါတယ်။



Recent Posts

See All