သွေးလည်ပတ်မှုစနစ် ချို့ယွင်းလာရင်...

အားလုံးပဲမင်္ဂလာပါ။


အရင်အပတ်တုန်းက သွေးလည်ပတ်မှုအကြောင်းကိုရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ သွေးလည်ပတ်မှုစနစ်အားကောင်းမှသာ ကျန်းမာတဲ့ စေတနာ့သွေးလှူရှင်တွေဖြစ်နိုင်မှာမို့ သွေးလည်ပတ်မှုစနစ်ဟာ အရမ်းအရေးကြီးလှပါတယ်။ ဒီအပတ်မှာတော့ သွေးလည်မှုစနစ်ကသာ ယိုယွင်းပြီး အလုပ်ကောင်းကောင်းမလုပ်ခဲ့ရင် ဘယ်လိုရောဂါတွေဖြစ်လာနိုင်တယ်၊ ဒီလိုမဖြစ်အောင် ဘယ်လိုရှောင်ကြဉ်ရမယ်ဆိုတာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


Online Booking စနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


သွေးလည်ပတ်မှုစနစ်ဘယ်လို ချို့ယွင်းလာပါသလဲ?


သွေးလည်ပတ်မှုစနစ်အားကောင်းမှသာ ကျန်းမာရေးတဲ့စေတနာသွေးအလှူရှင်တွေဖြစ်နိုင်မှာမို့ ကိုယ့်ရဲ့သွေးလည်ပတ်မှုစနစ်ဟာ အရမ်းကိုအရေးကြီးလှပါတယ်။

ဒါကြောင့် သွေးလည်ပတ်မှုစနစ်ဟာ ဘယ်လိုချို့ယွင်းလာရသလဲဆိုတာကို ရှင်းပြ‌‌ပေးချင်ပါတယ်။

ခန္ဓာကိုယ်တစ်နေရာမှတစ်နေရာသို့ သွေးစီးဆင်းမှု လျော့နည်းလာသောကြောင့် သွေးလည်ပတ်မှုစနစ်ဟာ ယို့ယွင်းလာပါတယ်။ ထိုအခါ သွေးတွင်းပါဝင်ပစ္စည်း (ဥပမာ - သွေးဥမွှား(platelets)၊ အောက်စီဂျင်(O2) နဲ့ အာဟာရဓါတ်)တွေကို လိုအပ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်း‌တွေစီကို မပို့ဆောင်ပေးနိုင်တာတွေဖြစ်လာပါတယ်။ ဒါ့ကြောင့် မိမိရဲ့ခန္ဓာကိုယ်သွေးလည်ပတ်မှုအားနည်းသောကြောင့် လိုအပ်တဲ့ပစ္စည်းပမာဏကို ရသင့်သလောက် မရကြတော့ပါဘူး။

ဒါဟာအထူးသဖြင့် ခန္ဓာကိုယ်အစွန်အဖျားများဖြစ်တဲ့ ‌လက်၊ ခြေထောက်နှင့် လက်ချောင်း၊ ‌ခြေချောင်းများတွင် အများဆုံးဖြစ်လေ့ရှိပါတယ်။

သွေးလည်ပတ်မှုစနစ် ချို့ယွင်းလာပါက ရောဂါလက္ခဏာသီးသန့်ပြလေ့မရှိဘဲ အခြားသောရောဂါများနှင့်အတူတွဲပြီး တွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာအများစုမှာ

၁။ ခန္ဓာကိုယ်တုန်ခြင်း

၂။ ခန္ဓာကိုယ်ထုံကျင်ခြင်း

၃။ ကြွက်တက်ခြင်း

၄။ ခြေ/လက်များတဆစ်ဆစ်နာကျင်ခြင်း တို့ဖြစ်ပါတယ်။


ဒါကြောင့် ‌ရောဂါလက္ခဏာတစ်ခုတည်း ပျောက်ကင်းစေဖို့ ကုသခြင်းမပြုဘဲ ‌ရောဂါအရင်းအမြစ်ကိုတိတိကျကျရှာဖွေပြီးကုသ‌‌ေပးဖို့လိုအပ်ပါတယ်။

သွေးလည်ပတ်မှုကို ချို့ယွင်းစေသော အဓိကအကြောင်းအရင်းအချို့မှာ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ နှင့် သွေးကြောများပျက်စီးလာခြင်းတို့‌ေကြာင့်ဖြစ်ပါတယ်။


ဘယ်ရောဂါတွေ၊ ဘယ်လိုအခြေအနေတွေက သွေးလည်ပတ်မှု ချို့ယွင်းခြင်းနဲ့ ဆက်စပ်နေပါသလဲ?


သွေးလည်ပတ်မှု လျော့နည်း ချို့ယွင်းခြင်းနဲ့ ပတ်သက်နေတဲ့ ရောဂါအခြေအနေများကတော့


၁။ Peripheral artery disease (သွေးကြောကျဉ်းရောဂါ)

၂။ Blood clots (သွေးခဲခြင်း)

၃။ Varicose veins (သွေးကြောထုံးခြင်း)

၄။ ဆီးချိုသွေးချိုရောဂါ

၅။ အဝလွန်ခြင်း

၆။ ဆေးလိပ်သောက်ခြင်း

၇။ Raynaud’s disease (လက်ချောင်း ခြေချောင်းများရှိ သွေးကြောများကို ကျဉ်းစေတတ်သော ရှားပါးသည့် ရောဂါတစ်မျိုး) တို့ပဲ ဖြစ်ပါတယ်။


၁။ Peripheral artery disease (PAD)

PAD က ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းစေတဲ့ ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။

PAD နဲ့ ဆက်စပ်နေတဲ့ artherosclerosis(သွေးကြောကျဉ်းရောဂါတစ်မျိုး) ဆိုတဲ့ ရောဂါအခြေအနေမှာဆိုရင်လည်း Cholesterol ၊ အဆီ၊ Calcium စတဲ့ အရာတွေက သွေးကြောအတွင်းနံရံတွေမှာ စုပုံသွားပြီးတော့ သွေးကြောတွေကို ကျဉ်းသွားစေရုံသာမက မာသွားစေပါတယ်။

ဒီလို အခြေအနေတွေကြောင့် သွေးလည်ပတ်မှုဟာ လျော့နည်းလာပြီး မကုသဘဲ ထားပါက ခန္ဓာကိုယ်ရဲ့ အဓိက သွေးကြောကြီးတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ လေဖြတ်တာ၊ heart attack (ရုတ်တရက် နှလုံးဖောက်တာ)ဖြစ်တာ စတဲ့ ရောဂါမျိုးတွေပါ ခံစားလာရနိုင်ပါတယ်။


၂။ Blood clots

Blood clots (သွေးခဲခြင်း) က ခြေထောက်တွေ လက်တွေသာမကပဲ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ သွေးကြောတိုင်းမှာ ဖြစ်ပေါ်နိုင်ပြီး အဲ့ဒီသွေးကြောထဲမှာ စီးဆင်းနေတဲ့ သွေးတွေကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုံးဝဖြစ်စေ ရပ်တန့်သွားစေနိုင်ပါတယ်။

ဒါ့အပြင် ခြေထောက်က သွေးကြောတွေထဲမှာ ဖြစ်ပေါ်နေတဲ့ သွေးခဲလေးတွေဟာ သွေးလည်ပတ်မှု လမ်းကြောင်းတစ်လျှောက်မှာပါ သွားပိတ်ပြီး အဆုတ်၊ နှလုံးနဲ့ ဦးနှောက်တို့ကိုလည်း ရောက်သွားတတ်ပါတယ်။ အဲ့လို ရောက်သွားရင် အသက်ရှူရခက်ခဲခြင်း၊ ရင်ဘက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် လေဖြတ်ခြင်းအထိ ဖြစ်ပေါ်သွားစေနိုင်ပါတယ်။


၃။ Varicose veins

Varicose veins (သွေးကြောထုံးခြင်း)ဆိုတာက ကျွန်တော်တို့ သွေးကြောတွေထဲမှာရှိတဲ့ အဆို့ရှင်လေးတွေ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်တဲ့အတွက်ကြောင့် သွေးကောင်းစွာ စီးဆင်းမှု မရှိတဲ့အတွက် ဖြစ်ပေါ်လာတဲ့ အပြာရောင်နဲ့ ခရမ်းပုပ်ရောင် တွန့်လိမ်ကောက်ကွေ့နေတဲ့ သွေးကြောကြီး​တွေဖြစ်ပါတယ်။ ဒီလို သွေးကြောကြီးတွေကို များသောအားဖြင့် ကျွန်တော်တို့ရဲ့ ပေါင်၊ ခြေသလုံးစတဲ့ နေရာတွေမှာ တွေ့ရတတ်ပါတယ်။

ထိုသို့သော သွေးကြောမျိုးတွေဟာ ပုံမှန် သွေးကြောများကဲ့သို့ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တဲ့အတွက်ကြောင့် သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပြီး သွေးလည်ပတ်မှုကို လျော့နည်းစေနိုင်ပြီး

အဝလွန်သူတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း တွေ့ရတတ်ပါတယ်။


၄။ ဆီးချိုသွေးချိုရောဂါ

ဆီးချိုသွေးချိုရောဂါကလည်း သွေးလည်ပတ်ခြင်းနှင့်သက်ဆိုင်တဲ့ ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သွေးတွင်းအချိုဓာတ် အလွန်မြင့်တက်နေပါက သွေးကြောများကို ပျက်စီးစေပြီး သွေးကြောထဲတွင်လည်း cholesterol level မြင့်တက်စေကာ

သွေးပုံမှန် စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။


၅။ အဝလွန်ခြင်း

အဝလွန်သော သူများတွင် ခန္ဓာကိုယ်ရှိ အဆီပိုများကြောင့် သွေးလည်ပတ်မှုနဲ့ ဆိုင်တဲ့ ပြဿနာများကို ဖြစ်ပေါ်​စေနိုင်ပါတယ်။

ဒါ့အပြင် အဝလွန်ခြင်းကြောင့် varicose veins (သွေးကြောထုံးခြင်း)များနှင့် အခြား သွေးကြောဆိုင်ရာ ပြဿနာများကိုလည်း ပိုမို ဖြစ်ပေါ်စေနိုင်ပါတယ်။


၆။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောနံရံများကို ထိခိုက်ပျက်စီးစေပြီး သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေပါတယ်။

ဒါ့အပြင် ဆေးလိပ်သောက်သူများဟာ အထက်မှာ ဖော်ပြခဲ့တဲ့ Peripheral arterial disease လို ရောဂါအခြေအနေမျိုးကို အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် ဖြစ်နိုင်တဲ့ အလားအလာပိုရှိပါတယ်။


၇။ Raynaud’s disease

Raynaud’s disease ဆိုသည်မှာ ရာသီဥတုအေးတဲ့အချိန်တွေနဲ့ စိတ်ဖိစီးမှုများနေတဲ့ အချိန်တွေမှာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေကို ကျဉ်းသွားစေတဲ့ ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။ ထိုအခါမျိုးတွင် ကျွန်တော်တို့ ခန္ဓာကိုယ် အရေပြားတွေဆီကို သွေးမရောက်နိုင်တော့ဘဲ အရေပြားက အဖြူရောင် (သို့မဟုတ်) အပြာရောင် ပြောင်းသွားတတ်ပြီး အေး၍ ထုံကျင်နေတတ်ပါတယ်။

ဒီလို အခြေအနေကိုလွန်မြောက်ပြီး သွေးပြန်လည် စီးဆင်းလာတဲ့ အချိန်မှာတော့ အရေပြားဟာ တဖြည်းဖြည်း မူလအရောင်ကို ပြန်လည်ရရှိလာပြီး ထိုသို့ဖြစ်ပေါ်ခဲ့တဲ့ နေရာမှာ တစ်ဆစ်ဆစ် ခံစားရခြင်း၊ စပ်ဖျဉ်းဖျဉ်းခံစားရခြင်းနှင့် ကိုက်ခဲခြင်းတို့ ဖြစ်တတ်ပါတယ်။

ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင်တော့ သွေးလည်ပတ်မှု လုံးဝမရှိတော့တဲ့ အတွက် နာကျင်ခြင်းကို ခံစားရနိုင်ပြီး အသားစလေးများပါ ပုပ်သွားနိုင်ပါတယ်။

များသောအားဖြင့်တော့ ခြေဖျားလက်ဖျားများတွင် ဖြစ်လေ့ရှိပြီး နှာခေါင်းထိပ်၊ နှုတ်ခမ်းနဲ့ နားရွက်ထိပ်လေးတွေမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။


သွေးလည်ပတ်မှု ချို့ယွင်းခြင်းကို ဘယ်လိုကုသ ကာကွယ်မလဲ?


သွေးလည်ပတ်မှု ချို့ယွင်းချင်းကိုကုသမယ်ဆိုရင် ဒီရောဂါဖြစ်ရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီး ကုသရပါတယ်။


အောက်ပါနည်းလမ်းတွေက အဖြစ်များတဲ့ ဝေဒနာများကုသရန်နည်းလမ်းများဖြစ်ပါတယ်။


၁။ ရောင်ရမ်းနာကျင်နေသော ခြေထောက်များအတွက် အထူးပြုလုပ်ထားသောခြေအိတ်များကိုဝတ်ဆင်ပေးခြင်း

၂။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း

၃။ ဆီးချိုရောဂါလူနာများ အတွက်အင်ဆူလင်(အင်ဆူလင်သည်သွေးထဲရှိဂလူးကို့စ်ပမာဏကိုထိန်းချုပ်နိုင်သည်) ထိုးခြင်း


သွေးလည်ပတ်မှုကောင်းလိုလျှင်

၁။ ဆေးလိပ်နှင့် အီလက်ထရောနစ်ဆေးလိပ် (E-cigarettes)သောက်ခြင်းကိုရပ်တန့်ပါ။

ဆေးလိပ်တွင်ပါသော နီကိုတင်းသည် ကိုယ်ခန္ဓာ ၏ သွေးကြောနံရံများကိုထိခိုက်စေပြီးသင်၏သွေးကိုပိုပြစ်စေပါတယ်။


၂။ အဆီများစွာ ပါသည့် အစားအသောက်များကို လျှော့စားပါ။


၃။ အချိန်ကြာမြင့်စွာမထိုင်ပဲ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။


၄။ ကျန်းမာသောကိုယ်အလေးချိန်ကိုထိန်းထားခြင်းဖြင့် ကောင်းမွန်သောသွေးလည်ပတ်မှု ကိုရရှိနိုင်ပါတယ်။


၅။ ပုံမှန်ပြေးခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာလေ့ကျင့်ခန်းများပြုလုပ်ခြင်း

ပုံမှန်ပြေးခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာလေ့ကျင့်ခန်းများပြုလုပ်ခြင်း သွေးကြောများ၏ လုပ်နိုင်စွမ်း ကို မြှင့်တင်ပေးနိုင်ပြီးကြွက်သားများကိုအောက်စီဂျင်ပိုမိုလွယ်ကူစွာရရှိစေနိုင်ခြင်းမှ သွေးလည်ပတ်မှုကို ပိုမိုကောင်းမှန်စေပါတယ်။


၆။ယောဂလေ့ကျင့်ပါ။

ယောဂကျင့်ခြင်းက အားစိုက်ထုတ်ရတာနည်းတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး

အခုမှ စပြီးလေ့ကျင့်ခန်းလုပ်သူများအတွက် လွယ်ကူပါတယ်။ Yoga ကျင့်ခြင်းဖြင့် သွေးကြောများကို လျှော့ကြစေ ပြီး ကြွက်သားတွေအတွက်ပါ အထောက်ကူပြုပါတယ်။


၇။ငါးကြီးဆီစားပါ။

အဆီကြွယ်ဝတဲ့ ငါးတွေထဲမှာ Omega-3 fatty acids ဟာနှလုံးသွေးကြောကျန်းမာရေးကိုကောင်းမွန် စေပြီးသွေးလည်ပတ်မှု အတွက်လည်းကောင်းပါတယ်။


အဆီကြွယ်ဝတဲ့ငါးတွေက

ဆယ်လ်မွန်

ငါးသေတ္တာ

တူနာ တို့ဖြစ်ပါတယ်။

သက်သတ်လွတ်စားသူများအတွက်တော့ kale (ဂေါ်ဖီ) တွင် Omega-3 fatty acid အနည်းငယ်ပါဝင်ပါတယ်။


ဒါ့ပြင် Omega-3 fatty acids ပါဝင်တဲ့ ဆေးများကိုလည်းသောက်သုံးနိုင်ပါသည်။

Omega-3 ကို ဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူနိုင်ပါတယ်။


၈။ လက်ဖက်ရည်သောက်ခြင်း

လက်ဖက်ရည်တွင်ပါဝင်သော antioxidants က နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။

လက်ဖက်ခြောက်အနက်ရောင်နှင့်လက်ဖက်စိမ်းနှစ်မျိုး လုံးတို့က သွေးကြောများအတွက်အကောင်းဆုံးဖြစ်ပါတယ်။


၉။ ကိုယ်ခန္ဓာအတွက် သံဓာတ်ကိုလည်း လိုအပ်ပါတယ်။

သံဓာတ်ကို သွေးလည်ပတ်မှုစနစ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သံဓာတ်ကို အောက်စီဂျင်သယ်ဆောင်ပေးတဲ့ သွေးနီဥများ၏အဓိကအစိတ်အပိုင်းများတဲမှ တစ်ခုဖြစ်တဲ့ ဟီမိုဂလိုဗင် (hemoglobin)ပြုလုပ်ရန်လိုအပ်ပါတယ်။


သံဓာတ်ကြွယ်ဝသောအစားအစာများဖြစ်တဲ့ အနီရောင်အသား၊ဟင်းနုနွယ်ရွက်များစားခြင်းက ကိုယ်ခန္ဓာမှ မရှိမဖြစ်လိုအပ်သော ဓာတ်သတ္တုများကို ထိန်းသိမ်းပေးပါတယ်။ သံဓာတ်ကြွယ်ဝသောအစားအစာများအကြောင်းသိခြင်လျှင် အောက်က link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။


https://www.facebook.com/RedRoseCampaignMyanmar/posts/160964169015996


#RedRoseCampaign