​သွေးလှူပြီး​နောက်ဘာ​တွေဖြစ်တတ်သလဲ? ဘာ​တွေ ပြင်ဆင်သွားသင့်သလဲ?

အားလုံးပဲမင်္ဂလာပါ။


သွေးလှူဒါန်းခြင်းဟာ သူတစ်ပါးအသက်ကို ကယ်တင်နိုင်ပြီး အလွန်မွန်မြတ်ကြောင်း အားလုံးသိပြီးဖြစ်ပါတယ်။ ဒါပေမဲ့ သွေးလှူခြင်းဟာ လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး ။ ဘယ်သူဘယ်ဝါဆီကို ကိုမရည်စူးဘဲ မိမိခန္ဓာကိုယ်ထဲက သွေးကိုထုတ်ယူ လှူဒါန်းဖို့အတွက် များစွာသော စေတနာနဲ့ သတ္တိတွေကိုလိုအပ်ပါတယ်။ ထို့အပြင် ဒီလိုလှူဒါန်းနိုင်ဖို့ အတွက်သတ်မှတ်ချက်တွေနဲ့ ပြည့်စုံဖို့လည်း လိုအပ်ပါသေးတယ်။ ဒီလိုမျိုး အချက်တွေနဲ့ ပြည့်စုံသွားပြီ ဆိုလျှင်လည်းသွေးလှူပြီးနောက် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အောက်ပါ လက္ခဏာအချို့ကို ခံစားရနိုင်ပါတယ်။ သွေးလှူဒါန်းသူအများစုဟာ ဒီလက္ခဏာတွေ ဖြစ်တတ်မှန်း ကြိုမသိဘဲ ​သွေးလှူပြီးမူးဝေခြင်း ၊ မောပန်းခြင်း စတာတွေခံစားရတဲ့အခါမှာ စိုးရိမ်မှုတွေ ဖြစ်ပေါပြီး သွေးလှူတာကို အန္တရာယ်ရှိတဲ့ လုပ်ရပ်အဖြစ် ထင်မြင်သွားတတ်ကြပါတယ်။ ဒါကြောင့်မို့ ဒီလို မလိုအပ်ဘဲ စိုးရိမ်ပူပန်မှုတွေ မဖြစ်ရအောင် ကြိုတင်လေ့လာမှတ်သားနိုင်ဖို့အတွက် သွေးလှူပြီးနောက်မှာ ဘာတွေဖြစ်နိုင်သလဲ ၊ ဘယ်လိုကြိုတင်ပြင်ဆင်သင့်သလဲ စတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ မူးဝေခြင်း (Nausea, dizziness)


အချို့လူတွေမှာ သွေးလှူပြီးနောက်ပိုင်း ခေါင်းမူးတာ၊ နေလို့မကောင်းဘဲအန်ချင်တာ စတဲ့ လက္ခဏာမျိုးတွေဖြစ်လေ့ရှိပါတယ်။ ဒါဟာသွေးလှူပြီးချင်း ရုတ်တရက် သွေးပေါင်ကျခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုး ခံစားလာရပြီဆိုရင် ဆရာ၊ဆရာမတွေကနေပြီးတော့ ချက်ချင်း စောင့်ရှောက်မှုတွေပြုလုပ်ပေးပါတယ်။ ခြေထောက်ကို အပေါ်ကိုမြှောက်စေပြီးတော့ လှဲလျောင်းစေတာ စတာမျိုးတွေနဲ့ သက်သာအောင်စောင့်ရှောက်ပေးပြီး စိတ်ချရပြီဆိုမှအိမ်ကို ပြန်လွှတ်တာမို့လို့ စိုးရိမ်စရာမရှိပါဘူး။


၂။ သွေးမတိတ်ခြင်း (Continued Bleeding)


သွေးလှူပြီးနောက်ပိုင်းမှာ အပ်ဖောက်ထားတဲ့နေရာကနေပြီးတော့ သွေးအနည်းငယ်စိမ့်ထွက်နေတတ်ပါတယ်။ ဒါကြောင့် သွေးလှူဘဏ်ကနေပြီးတော့ ကပ်ပေးလိုက်တဲ့ ပလာစတာကို အနည်းဆုံး ၄ နာရီခန့် ထားရှိရပါမယ်။ ထို့အပြင် သွေးလှူပြီးပြီးချင်း သွေးဖောက်ထားတဲ့လက်ကို အနားပေးပြီးတော့ သန့်ရှင်းအောင်ထားဖို့အတွက်လည်း သွေးဌာနက အကြံပေးထားပါတယ်။


၃။ အညိုအမည်းစွဲခြင်း (Bruising)


သွေးလှူဒါန်းဖို့အတွက် သွေးကြောမှာ အပ်စိုက်တဲ့ အခါ အပ်စိုက်ထားတဲ့နေရာအနီးတဝိုက်မှာ အညိုအမည်းစွဲတာမျိုးဖြစ်တတ်ပါတယ်။ အပ်စိုက်တဲ့သွေးကြောနေရာကနေ သွေးအနည်းငယ်စိမ့်ထွက်ပြီး အရေပြားအောက်မှာ စုဝေးနေလို့ အညိုအမည်းကွက်အဖြစ် မြင်ရတာ ဖြစ်ပါတယ်။ ကြည့်လိုက်ရင် စိုးရိမ်စရာလို့ ထင်ရနိုင်ပေမယ့် တကယ်တော့ အန္တရာယ်တစ်စုံတစ်ရာ မရှိပါ။ ရက်အနည်းငယ်အတွင်း ၊ အမည်းကွက် အရွယ်ကြီးပါက နှစ်ပတ်ခန့်အတွင်း ပျောက်ကင်းနိုင်ပါတယ်။


အရောင်ကတော့ အမည်း၊ခရမ်း၊အဝါ စသည်ဖြင့် ပေါ်တတ်ပါတယ်။ သက်သာလာတဲ့နဲ့အမျှ အရောင်ပြောင်းလာတဲ့အပြင် ဘေးဘက်ကို ပြန့်ပြီး မှိန်သွားမှာ ဖြစ်ပါတယ်။


အညိုအမည်းပေါ်တာကို သက်သာချင်ရင် သွေးလှူပြီးတဲ့ 24 နာရီအတွင်း ရေခဲအုပ်ပေးလို့ရပါတယ်။ သွေးလှူဒါန်းချိန်မှာ လည်း လက်မောင်းကျပ်တဲ့ အဝတ်ဝတ်ရင် လက်ကို ညှစ်ထားသလိုဖြစ်ပြီး အမည်းကွက်ပိုကြီးတတ်တာမို့ လက်ပွပွ ပေါ့ပေါ့ပါးပါးအဝတ်နဲ့ သွားရင် ပိုအဆင်ပြေနိုင်ပါတယ်။


၄။ နာကျင်ခြင်း (Pain)


သွေးလှူဒါန်းတယ်ဆိုတာဟာ သွေးကြောထဲက သွေးကို အပ်နဲ့ဖောက်ယူရတာ ဖြစ်တဲ့အတွက် လုံးဝမနာကျင်တာတော့ မဖြစ်နိုင်ပါဘူး။ သွေးကို စုပ်ယူနေချိန်မှာ သိပ်မသိသာပေမယ့် အပ်စိုက်လိုက်ချိန်နဲ့ အပ်ပြန်နုတ်ချိန်တွေမှာ နာကျင်မှု၊ မသက်မသာဖြစ်မှုအနည်းငယ်ကို ခံစားရတတ်ပါတယ်။ တစ်ခါတစ်ရံ သွေးလှူပြီးတဲ့အခါမှာလည်း အပ်စိုက်တဲ့လက်နေရာမှာ ဆက်နာနေတတ်ပါတယ်။ ဒီလိုခံစားနေရပြီဆိုရင် ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးမျိုးသောက်ပြီး သက်သာစေနိုင်ပါတယ်။


၅။ အားနည်းနုံးချိသည်ဟုခံစားရခြင်း (Weakness)


ကျွန်တော်တို့ သွေးတစ်ခါလှူတိုင်း သွေးဌာနကနေပြီးတော့ သွေးလှူရှင်အတွက် လုံခြုံစိတ်ချရစေမဲ့ ပမာဏကိုသာထုတ်ယူပါတယ်။ သို့သော်လည်း သွေးလှူခြင်းဟာ မိမိခန္ဓာကိုယ်ထဲကသွေးကို ထုတ်ယူပြီးလှူဒါန်းရတာမို့ အချို့လူတွေမှာ သွေးလှူပြီးနောက် အားနည်းခြင်း၊ ပင်ပန်းနုံးချိခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက ကုန်ဆုံးသွားတဲ့ အရည်တွေကို ပြန်လည်ဖြည့်တင်းဖို့ အတွက် သွေးမလှူခင်သာမက သွေးလှူပြီးနောက် ၃ ရက်ခန့်အထိ ရေကိုများများသောက်ပေးသင့်ပါတယ်။ ကုန်ဆုံးသွားတဲ့ သံဓာတ်နှင့် အားအင်တွေကို ပြန်လည် ဖြည့်တင်းဖို့အတွက်လည်း အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။ သွေးလှူပြီးနောက်အလေးအပင်မခြင်း ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်း နှင့် အရက်၊ဘီယာ သောက်သုံးခြင်းတွေကိုလည်း ရှောင်ရှားရပါမယ်။


ဖော်ပြပါ လက္ခဏာတွေ အားလုံးဟာ သွေးလှူသူတော်တော်များများမှာ တွေ့ကြုံရတတ်ပြီးသာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေသာ ဖြစ်ပါတယ်။အချို့လူတွေမှာ လုံးဝ မခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အချိန်တို အတွင်း ( ပုံမှန်အားဖြင့် ၂၄ နာရီအတွင်း ) မှာသက်သာသွားတတ်ပြီး ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်တာမျိုး မဖြစ်နိုင်ပါဘူး။သွေးလှူဘဏ်က တာဝန်ရှိသူတွေကလည်း သွေးလှူရှင်တွေရဲ့ ကျန်းမာရေးနဲ့အန္တရာယ်ကင်းရှင်းရေးကို အထူးဦးစားပေးဂရုပြုစောင့်ရှောက်ပေးနေတဲ့ အတွက်ကြောင့် ပထမဆုံးသွေးလှူရှင်ပဲ ဖြစ်စေ၊ ပုံမှန်သွေးလှူရှင်ပဲဖြစ်စေ စိုးရိမ်စိတ်တစ်စုံတစ်ရာမထားဘဲ စိတ်ချလက်ချလှူဒါန်းနိုင်ကြပါတယ်။ သွေးမလှူမီကာလမှာ အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ အိပ်ရေးဝအောင် အိပ်စက်အနားယူခြင်း အစရှိသဖြင့် မိမိကျန်းမာရေးကို ဂရုစိုက်နေထိုင်ကြမယ်ဆိုရင် သွေးလှူဒါန်းမယ့်နေ့ ရက်ရောက်တဲ့အခါ အကောင်းဆုံး အနေအထားနဲ့ လှူနိုင်ပြီး ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း အတတ်နိုင်ဆုံး လျှော့ချနိုင်မှာဖြစ်ပါတယ်။


စေတနာ့သွေးလှူရှင်တွေအားလုံးလည်း အထက်ပါ ဆောင်ရန်ရှောင်ရန်လေးတွေကို မှတ်သားပြီး အန္တရာယ်ကင်းရှင်းချောမွေ့တဲ့ သွေးလှူခြင်းအတွေ့အကြုံတွေ ပိုင်ဆိုင်နိုင်ကြပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - https://www.donatebloodmyanmar.org/booking


#RedRoseCampaign