သွေးလှူပြီးရင် ဘာကြောင့် လေးလစောင့်ရတာလဲ?

အားလုံးပဲ မင်္ဂလာပါ။


ဒီနေ့ သွေးလှူပြီးရင် ဘာကြောင့် လေးလစောင့်ရတယ်၊ ရေသောက်ခြင်းက သွေးလှူရှင်တွေအတွက် ဘာကြောင့် အကျိုးရှိလဲ ဆိုတဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ သွေးမလှူဒါန်းခင် နဲ့ သွေးလှူပြီးချိန်မှာ ဘာတွေလုပ်ရမလဲ၊ သွေးလှူဒါန်းပြီးချိန်မှာ ဖြစ်တတ်တဲ့ အခြေအနေလေးတွေကို သိချင်ရင် အောက်မှာ ဝင်ဖတ်လို့ရပါတယ်။


http://bit.ly/WhatToDoBeforeAndAfterBloodDonation


၁။ သွေးတစ်ခါလှူပြီးရင် နောက်ထပ်လှူနိုင်ဖို့ ဘယ်နှပတ်၊ ဘယ်နှလ စောင့်ဖို့လိုမလဲ? ဘာကြောင့်လဲ?


သွေးတစ်ခါလှူပြီးရင် နောက်ထပ်လှူနိုင်ဖို့ အနည်းဆုံး ၁၆ ပတ် (၄လ) စောင့်ဖို့လိုပါမယ်။ သွေးလှူတဲ့အခါ မိမိသွေးထဲမှာရှိတဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား နဲ့ ရေဓါတ်ပမာဏဟာ လျော့နည်းသွားပါတယ်။ ရေဓါတ်ကို ၂၄ နာရီအတွင်း ပြန်ဖြည့်နိုင်ပေမယ့် သွေးဖြူဥနဲ့ သွေးဥမွှားတွေကို ပြန်ဖြည့်ဖို့ ၁ ပတ်၊ သွေးနီဥတွေကို ပြန်ဖြည့်ဖို့ ၃-၄ လခန့် ကြာပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သွေးနီဥတွေကို ထုတ်လုပ်ရာမှာ အရေးကြီးတဲ့ သံဓါတ်က သွေးလှူတဲ့အခါ ၂၀၀-၂၅၀ မီလီဂရမ်လောက် ဆုံးရှုံးသွားပြီး ခန္ဓာကိုယ်ကနေ တစ်နေ့ကို ၁-၂ မီလီဂရမ် နှုန်းနဲ့ပဲ ပြန်ဖြည့်ပေးလို့ပါ။ ဒါကြောင့် သွေးကို သတ်မှတ်ထားတဲ့ အချိန်ထက်စော၍ လှူဒါန်းမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ သံဓါတ်မလုံလောက်မှုတွေ ဖြစ်လာပြီး သွေးနီဥထုတ်လုပ်တဲ့ အရေအတွက်ကျဆင်းကာ သွေးအားနည်းရောဂါများ ဖြစ်ပေါ်လာနိုင်ပါတယ်။


ကိုယ်က သွေးလှူတာ လေးလပြည့်သွားလို့ ပြန်လှူချင်ရင်တော့ ဒီ link က‌နေ ကြိုတင်ရက်ချိန်းပေးပြီး မိမိတို့ လှူချင်တဲ့ နေ့၊ ရက်၊ အချိန် ကိုစာရင်းပေးသွင်းလို့ရပါတယ်။


donatebloodmyanmar.org/booking


၂။ ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော သွေးကို ဘယ်လို ပြန် အစားထိုးပါသလဲ။


သွေးလှူလိုက်တိုင်း သွေးအတွင်းမှ သွေးနီဥနှင့်အတူ သံဓာတ်များ ဆုံးရှုံးသွားလေ့ရှိပါတယ်။


အဲ့ဒီအခါ ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်များအရ မိမိကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ သံဓာတ်တွေကို ထွက်လာစေပြီး အစားအသောက်မှ ရသော သံဓာတ်များကို စုပ်ယူမှုလည်း ပိုမိုမြင့်တက်လာစေကာ သွေးနီဥများ ပြန်လည် ဖြစ်ပေါ်လာဖို့ကို အားပေးပါတယ်။ ဒါကြောင့် မိမိကိုယ်ထဲမှာ သံဓါတ်ကြွယ်ဝဖို့ အရေးကြီးလို့ သွေးမလှူခင်နဲ့ သွေးလှူပြီးချိန်မှာ သံဓါတ်များတဲ့ အစားအစာ၊ ဆေးဝါးများကို အထူးသဖြင့် အမျိုးသမီးများ သောက်သုံးပေးသင့်ပါတယ်။ အမျိုးသမီးများမှာ ဆိုရင်တော့ ရာသီစက်ဝန်း ကြောင့် ပုံမှန်သံဓာတ် ဆုံးရှုံးမှု ရှိပါတယ်။ ဒါကြောင့် အမျိုးသားများနှင့် ယှဉ်ရင် အမျိုးသမီးများဟာ သံဓာတ် သိုလှောင်ထားမှု နည်းပါးလေ့ရှိပါတယ်။


၃။ ရေများများသောက်ပေးပါ။


မိမိ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၈ ရာခိုင်နှုန်းဟာ သွေးဖြစ်ပါတယ်။ ထို သွေးရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည် (plasma) ဖြစ်ပြီး ထို သွေးရည်ကြည် ၏ ၉၉ ရာခိုင်နှုန်းဟာ ရေဖြစ်ပါတယ်။ ဒါကြောင့် သွေးလှူ ပြီးရင် ရေများများပြန်သောက်ပေးခြင်းဟာ ခန္ဓာကိုယ်၏ သွေးပမာဏကို ပုံမှန်ပြန်ရောက်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။


#RedRoseCampaign