သွေးလှူရာတွင်သိသင့်သော ဆောင်ရန်၊ ရှောင်ရန် အချက်များ

ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ နှင့် အမျိုးသားသွေးလှူဘဏ်တို့ ပူးပေါင်းစီစဉ်ထားသော Red Rose Campaign တွင် သွေးလှူလိုသော အလှူရှင်များအနေနှင့် သွေးလှူရာတွင် သိသင့်သော ဆောင်ရန်၊ ရှောင်ရန် အချက်များအား အောက်တွင် ဖော်ပြပေးထားပါသည်။


သွေးလှူဒါန်းလိုပါက

www.donatebloodmyanmar.org/booking

သို့ ဝင်ရောက်၍ အမျိုးသားသွေးဌာန ​၏ online booking website တွင် မိမိ သွေးလှူလိုသည့်

1. နေ့ နှင့် အချိန်၊ 2. အမည်၊ 3. ဖုန်းနံပါတ် နှင့် 4. အီးမေးလ် တို့အား ပေးပို့၍ စာရင်းပေးသွင်းနိုင်ပါသည်။


သင် သွေးလှူရမည့် အချိန် နှင့် ရက်စွဲအား အီးမေးလ် မှ ကြိုတင် အကြောင်းကြားပေးမည် ဖြစ်ပြီး မည်သူမဆို ပါဝင် လှူဒါန်းနိုင်ပါသည်။


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။"


#RedRoseCampaign


အသက် ၁၈ မှ ၅၅နှစ်အတွင်း ကိုယ့်ဆုံးဖြတ်ချက်နှင့် ကိုယ့်စိတ်ဆန္ဒ ရှိသူ ဖြစ်ရပါမည်။ အမျိုးသားများသည် အနည်းဆုံး ၁၁၀ပေါင်ရှိသူဖြစ်၍ အမျိုးသမီးဖြစ်လျှင် အနည်းဆုံး ပေါင် ၁၀၀ ရှိသူဖြစ်ရပါမည်။


တစ်နှစ်အတွင်း ခွဲစိတ်ထားခြင်း၊ သွားနုတ်ထားခြင်း၊ လွန်ခဲ့သည့် ၆ လအတွင်း ဆေးမှင်ကြောင်ထိုးထားခြင်း၊ နားဖောက်ထားခြင်း၊ ဆေးအပ်စိုက်ထားခြင်း၊ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အရက်သေစာ​သောက်စားထားသူများ၊ လွန်ခဲ့သည့် ၃ ရက်အတွင်း ပိုးသတ်ဆေးသောက်ထားသူများ၊ လွန်ခဲ့သည့် ၃ ပတ်အတွင်း virus ကြောင့်ရောဂါဖြစ်ထားသူများ၊ HIV, AIDS နှင့် B ပိုး၊ C ပိုးရှိသူများ၊ သွေးအားနည်းတတ်သူများ၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်များ၊လတ်တလော ဓမ္မတာ လာနေသူများ သွေးမလှူသင့်ပါ။


COVID-19 ကပ်ကာလအတွင်းတွင် အရေးအကြီးဆုံး အနေနှင့် နှာစေး၊ချောင်းဆိုး၊ဖျားနာနေသူ၊ တစ်လအတွင်း ပြည်တွင်းပြည်ပ ခရီးသွားရာဇဝင်ရှိသူများသည်လည်း သွေးလှူဒါန်းခွင့်မရှိပါ။


သံဓာတ်ကြွယ်ဝသော အစားအစာများ (အသား (aka) red meat၊ ငါး၊ ဥအမျိုးမျိုး၊ အစေ့အဆံများ၊ အစိမ်းရင့်ရောင်ရှိသော အရွက်များ) ကို သွေးမလှူခင် စားသုံးသင့်ပါသည်။ သွေးလှူမည့်နေ့တွင် အဆီများသော အစားအစာ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဆေးလိပ်နှင့် အရက်စသည်တို့ကိုရှောင်ရပါမည်။ ထို့အပြင် သွေးမလှူခင်တစ်ရက်အလိုနှင့် လှူသည့်နေ့တွင် ရေကို ပုံမှန်ထက်ပိုသောက်၍ အိပ်ရေးဝဝအိပ်ပေးသင့်ပါသည်။


သွေးလှူပြီးလျှင် ကိုယ်ခံအားကျနိုင်သော်လည်း သိသိသာသာအန္တရာယ်ရှိလောက်သည်အထိ မဖြစ်နိုင်ပါ။ ကိုယ်ခံအားစနစ်သည် ၃ရက်တစ်ခါအလိုအလျောက် ပြန်လဲနေပြီး သွေးနီဥပမာဏသည်လည်း ၄-၈ ပတ်အတွင်း၊ သွေးရည်ကြည်သည် ၄၈ နာရီအတွင်း ပြန်ပြည့်သောကြောင့် ရေများများသောက်၊ အိပ်ရေးဝဝအိပ်၊ အာဟာရရှိသော အစားအစာများစားပေး၍ လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးလျှင် ကျန်းမာရေးမထိခိုက်နိုင်ပါ၊ သွေးအားမနည်းနိုင်ပါ။


အပြင်ထွက်လျှင် mask တပ်၊ လက်သန့်ဆေးရည်ဆောင်ကာ အမျိုးသားသွေးလှူဘဏ်မှ ချမှတ်ထားသော social distancing စည်းကမ်းများအား လိုက်နာပေးရန် လိုအပ်ပါသည်။


ရှေးဦးစွာ ၀င်ပေါက်တွင် အဖျားတိုင်းရပါသည်။ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ပြီးလျှင် ကိုယ်အလေးချိန်တိုင်းရပါသည်။ ပြီးနောက် သက်သက် အခန်းတစ်ခန်း တွင် social distancing လုပ်ကာ ဖောင်ဖြည့်ရပါသည်။ ထို့နောက် lobby တွင် တစ်ယောက်နှင့် တစ်ယောက် အနည်းဆုံး ၃ ပေအကွာတွင် ထိုင်၍ အလှည့်ကျ သွေးပေါင်ချိန်တိုင်းရန်၊ သွေးစစ်ရန် စောင့်ရပါသည်။ ဤ အဆင့်များပြီးလျှင် သွေးလှူခန်းထဲတွင် သွေးလှူရပါသည်။


သွေးလှူဒါန်းချိန်မှာ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် အထိသာကြာမြင့်သော်လည်း သွေးမလှူခင် ပြုလုပ်ရသော အဆင့်များနှင့် ပေါင်းလိုက်သော် မိနစ် ၆၀ ခန့်အထိ ကြာမြင့်ပါသည်။


လူ​၏ ခန္ဓာကိုယ်ထဲတွင် သွေးငါးလီတာရှိသည့် အနက်မှ တစ်လီတာ​၏ တစ်ဝက်ခန့် (သို့) 473 မီလီလီတာခန့်သာ လှူဒါန်းခွင့်ရှိပါသည်။ ထို လှူဒါန်းလိုက်သော သွေးပမာဏသည် လူသုံးယောက်​၏ အသက်ကို ကယ်တင်နိုင်ပါသည်။


သွေးထဲတွင် ပါဝင်သော ပါဝင်ပစ္စည်းအလိုက် ခွဲ၍ သိုလှောင်ထားရပါသည်။ သွေးဥမွှားသည် ၄-၅ ရက်၊ သွေးနီဥသည် ၄၂ ရက်၊ သွေးရည်ကြည်သည် ၁ နှစ်အထိ သိုလှောင်ထား၍ ရပါသည်။ ထိုရက် ကျော်လွန်သွားလျှင် ပစ္စည်းအာနိသင် မပြတော့ပါ။


သွေးလှူသောအခါ မိမိ ခန္ဓာကိုယ်ထဲမှ erythropoietin ဟုခေါ်သော သွေးကုန်ကြမ်းများကို ထုတ်ရန် နှိုးဆော်လိုက်သလို ဖြစ်သွားပြီး သွေးနီဥထုတ်သည့် အရေအတွက်တိုးလာကာ သန့်စင်သည့် သွေးပမာဏများလာပါသည်။ စိတ်ပိုင်းဆိုင်ရာတွင်လည်း အများကောင်းကျိုးအတွက်၊ လူ့အသက်တစ်ချောင်းကယ်နိုင်ရေးအတွက် သွေးလှူလိုက်ရသော စိတ်ကျေနပ်မှု၊ စိတ်ပျော်ရွှင်မှုများ ရလာနိုင်ပါသည်။


မိမိခန္ဓာကိုယ်အား ကောင်းစွာ အနားပေးခြင်းသည် အဓိက ဖြစ်ပါသည်။ အထက်တွင် ပြောခဲ့သည့်အတိုင်း ရေများများသောက်၍ အိပ်ရေးဝဝ အိပ်၊ သံဓာတ်များသော အစာများစား၍ လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးလျှင် ရပါသည်။


သွေးအား လေးလတစ်ကြိမ်၊ တစ်နှစ်သုံးကြိမ် လှူဒါန်းနိုင်ပါသည်။