"သွေးသွင်းကုသခြင်း သမိုင်းကြောင်းရဲ့ ပထမဆုံးခြေလှမ်း 7 ခု"

"သွေးသွင်းကုသခြင်း သမိုင်းကြောင်းရဲ့ ပထမဆုံးခြေလှမ်း 7 ခု" "(7 First's in Blood Transfusion History)"


အားလုံးပဲ မင်္ဂလာပါ။


ဒီတစ်ပတ်မှာတော့ ရှေ့အပတ်တွေမှာ တင်နေကျ content ပုံစံမျိုးကနေ နည်းနည်းသွေဖယ်ပြီး စာဖတ်သူတွေထံ ရသအသစ်တစ်မျိုးပေးစွမ်းနိုင်အောင် "သွေးသွင်းကုသခြင်းရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ ပထမဆုံးခြေလှမ်း ၇ ခု" ဆိုတဲ့ခေါင်းစဉ်လေးနဲ့ လူသားတွေ ခေတ်အဆက်ဆက် သွေးသွင်းကုသမှုနဲ့ပတ်သက်ပြီး ဘာတွေဘယ်လို ရှာဖွေတွေ့ရှိခဲ့လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ယနေ့ခေတ် မှာ သင် (သို့) သင့်ပတ်ဝန်းကျင်ကလူတစ်ယောက်ယောက် သွေးလိုအပ်လာပြီ ဆိုရင် သွေးလှူရှင်တွေ လှူဒါန်းထားတဲ့ သွေးနဲ့ သွေးသွင်းပြီး အသက်ကယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သွေးသွင်းတယ်ဆိုတဲ့အရာဟာ အမြဲတမ်းဒီလို လွယ်ကူနေခဲ့တာတော့ မဟုတ်ပါဘူး။


သွေးအစားထိုးကုသတာနဲ့ ပတ်သက်ပြီးလည်း အစပျိုးခဲ့ရတဲ့၊ ရုန်းကန်ခဲ့ရတဲ့ ကာလအပိုင်းအခြားတွေရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် သွေးသွင်းကုသတဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ ယခုလို သွေးဌာနတွေ၊ သွေးသွင်းကုသမှုတွေ များများစားစားမပေါ်ပေါက်ခင် အရင်ခေတ်ကတည်းက ပညာရှင်တွေဟာ ဘယ်အရာတွေကို ဦးဆုံးရှာဖွေတွေ့ရှိခဲ့ပြီး သွေးသွင်းကုသမှုသမိုင်းကြောင်းတစ်လျှောက် ဘယ်လိုအရွေ့တွေဖြစ်အောင် ဖန်တီးနိုင်ခဲ့လဲဆိုတဲ့ ဗဟုသုတဖြစ်ဖွယ် အချက် ၇ ချက်ကို မျှဝေပေးပါရစေ။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - https://www.donatebloodmyanmar.org/booking


(1) သွေးလည်ပတ်မှုကို ရှာဖွေတွေ့ရှိခြင်း (First Discovery of Blood Circulation)


သွေးဟာ အသက်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို လူတွေသိခဲ့ကြတာ ဆေးပညာသမိုင်းဦးကတည်းကဖြစ်ပေမယ့် ဘာကြောင့်အရေးပါတယ်၊ သွေးက ခန္ဓာကိုယ်ထဲမှာ ဘယ်လို စီးဆင်းနေလဲ ဆိုတာကိုတော့ သေသေချာချာ နားမလည်ခဲ့ကြပါဘူး။ သွေးလည်ပတ်မှုအကြောင်းကို ၁၆၂၈ ခုနှစ်ရောက်မှပဲ William Harvey ဆိုတဲ့ ဆရာဝန်ကြီးက ပထမဆုံး ပြည့်ပြည့်စုံစုံရှင်းပြနိုင်ခဲ့တာပဲ

ဖြစ်ပါတယ်။


သွေးလည်ပတ်မှုအကြောင်းနဲ့ သွေးဟာ လူတစ်ယောက်အသက်ရှင်သန်နိုင်ဖို့အတွက် ဘယ်လိုဆောင်ရွက်ပေးနိုင်တယ်ဆိုတာကို နားလည်လာပြီး နောက်မှာ သွေးကို သတ္တဝါတစ်ဦးကနေ တစ်ဦး လွှဲပြောင်းလို့ ရ၊ မရ စိတ်ဝင်စားလာကြပါတယ်။ ဒါပေမယ့် သွေးဟာ လူ့ခန္ဓာကိုယ်နဲ့ ခွဲမရတဲ့အရာအဖြစ်နားလည်ထားကြတဲ့ 17 ရာစု လူသားတွေအတွက်တော့ သွေးသွင်းတယ်၊ သွေးလဲတယ်ဆိုတာ တွေးတောင်မတွေးရဲလောက်အောင် အန္တရာယ်များတဲ့ ကိစ္စတစ်ခုပါပဲ။ နည်းနည်းပိုပြီး စွန့်ဦးတီထွင်လိုတဲ့ သိပ္ပံပညာရှင်တွေက စမ်းသပ်ကြည့်ချင်ကြပေမယ့် သွေးနဲ့ပတ်သက်သော လုံလောက်တဲ့ ဗဟုသုတတွေ များများစားစား မရှိသေးတဲ့ ခေတ်ဖြစ်လို့ Blood Transfusion ဆိုတာဟာလည်း လက်တည့်စမ်းချင်တဲ့ ပညာရှင်တစ်ချို့ရဲ့ စိတ်ရူးပေါက်မှုအနေနဲ့သာ ရှိခဲ့ရပါတယ်။


(2) ပထမဆုံး တိရစ္ဆာန်ချင်းသွေးသွင်းမှု (First Animal Transfusion)


နှစ်အနည်းငယ်အကြာ ၁၆၆၅ ခုနှစ်ရောက်တော့

Richard Lower ဆိုတဲ့ ပုဂ္ဂိုလ်က ပထမဆုံး သွေးသွင်းမှုကို ခွေးတွေနဲ့ အောင်အောင်မြင်မြင် စမ်းသပ်ပြုလုပ်နိုင်ခဲ့ပါတယ်။ သူက ခွေးတစ်ကောင်ရဲ့ လည်ပင်းသွေးပြန်ကြောကို ခဏဖြတ်ပြီး သွေးထွက်လွန်အောင်လုပ်တယ်။ ပြီးတော့ တခြားခွေးတစ်ကောင်ဆီက ယူထားတဲ့ သွေးကိုသွင်းကြည့်လိုက်တယ်။ ဒီစမ်းသပ်မှုဟာ အောင်မြင်ပြီး ခွေးနှစ်ကောင်လုံး အသက်ရှင်တယ် လို့ သူ့မှတ်တမ်းမှာ ရေးထားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူ့လိုပဲ၊ သွေးသွင်းခြင်းကို စမ်းသပ်သူတွေ ပေါ်လာပါတယ်။ အများစုကတော့ တိရစ္ဆာန်သွေးကို လူမှာ သွင်းကြည့်သူတွေပါပဲ။ အသက်သေဆုံးသွားကြတဲ့သူတွေရှိသလို သွင်းတဲ့ သွေးပမာဏကနည်းလို့ အန္တရာယ်သိပ်မဖြစ်လိုက်သူတွေလည်းရှိပါရဲ့။ Lower ကိုယ်တိုင်ကလည်း သိုးရဲ့သွေးကိုယူပြီး လူကိုသွင်းတဲ့ စမ်းသပ်မှုတွေနဲ့ စာတမ်းအမျိုးမျိုးလည်း ပြုစုခဲ့ပါတယ်။


ဒီစမ်းသပ်ချက်တွေရဲ့ အောင်မြင်မှုက မပြောပလောက်ဘူးဆိုပေမယ့် ကောင်းတဲ့အချက်တစ်ချက်ကတော့ Lower တီထွင်ခဲ့တဲ့ ဆေးစုပ်ပြွန်တွေ သွေးဖောက်တဲ့အပ်တွေဟာ ဒီနေ့ခေတ်သုံးနေတဲ့ ပစ္စည်းတွေရဲ့ အခြေခံ ဖြစ်လာခဲ့တာပါပဲ။


(3) ပထမဆုံးလူလူချင်းသွေးသွင်းမှု (First Human Transfusion)


ပထမဆုံး တိရစ္ဆာန်တွေနဲ့ သွေးသွင်းတာကို စမ်းသပ်မှုအပြီး နောက်နှစ်ပေါင်း 150 ကျော်ကြာမှ လူလူခြင်းသွေးသွင်းတာကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အသေအပျောက်များပြီး အလွန်အန္တရာယ်ကြီးမားလှတဲ့ ခေတ်ဦးသွေးသွင်းကုသမှုတွေဟာ ဆေးလောကအတွင်း အငြင်းပွားစရာကိစ္စတစ်ခုဖြစ်လာခဲ့ပြီး ၁၆၆၈ ခုနှစ်ဝန်းကျင်မှာ အပြီးသတ်ပိတ်ပင်တားဆီးခြင်းကို ခံခဲ့ရတဲ့အတွက်ဖြစ်ပါတယ်။


ဒါပေမယ့် ၁၉ ရာစု အစောပိုင်းရောက်လာတဲ့အခါ

အင်္ဂလိပ်လူမျိုး သားဖွားမီးယပ်ဆရာဝန် James Blundell က ပထမဦးဆုံး လူလူချင်း သွေးသွင်းကုသမှုကို စတင်လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူက အရင်ဆုံး တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုအချို့ကို လုပ်ပါတယ်။ ဒါတွေ အောင်မြင်ပြီဆိုတော့မှ သွေးလိုအပ်နေတဲ့ သူ့လူနာရဲ့ ခန္ဓာကိုယ်ထဲကို လူနာ့ခင်ပွန်းဖြစ်သူဆီက ထုတ်ယူထားတဲ့ သွေး ၄ အောင်စ (၀.၁ လီတာကျော်ခန့်) သွင်းခဲ့တာဖြစ်ပြီး ဒီစမ်းသပ်ကုသမှုဟာ အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Dr. Blundell ဟာ သွေးသွင်းကုသမှု ဆယ်ခုခန့်ကို စမ်းသပ်လုပ်ဆောင်ခဲ့ပြီး ဒီထဲက ငါးခုဟာ အောင်မြင်ခဲ့ပါတယ်။


(4) ပထမဆုံး သွေးသွင်းကုသခဲ့သည့်ရောဂါ (First Disease Cured By Blood Transfusion)


အထက်မှာ ပြောခဲ့တဲ့ လူလူချင်းသွေးသွင်းကုသမှု ကို အသုံးပြုပြီး ပျောက်ကင်းအောင် ကုသနိုင်ခဲ့တဲ့ ရောဂါကတော့ "Post-partum Haemorrhage" လို့ခေါ်တဲ့ ကလေးမွေးပြီး သွေးသွန်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဟာ ၁၉ ရာစုမှာတော့ ကလေးမီးဖွားတဲ့ အမျိုးသမီးတွေ အင်မတန်ကြောက်ပြီး ကုရလည်းခက်တဲ့ရောဂါတစ်ခုဆို မမှားပါဘူး။ သွေးသွင်းတဲ့ ကုထုံးပေါ်လာခြင်းဟာ ဒီရောဂါအပြင် အခြားအခြားသော ကိစ္စတွေကြောင့် သွေးထွက်လွန်တဲ့ လူနာတွေအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်ခဲ့ရပါတယ်။


(5) သွေးမတိတ်သည့်ရောဂါကို ပထမဆုံးကုသနိုင်ခဲ့ခြင်း (First Successful Treatment of Haemophilia)


Haemophilia - သွေးမတိတ်သည့်ရောဂါကို သေစေနိုင်ပြီး အလွန်ကြောက်စရာကောင်းတဲ့ ရောဂါအဖြစ်ကနေ ထိန်းချုပ်ကုသလို့ရတဲ့ နာတာရှည်ရောဂါတစ်ခုအဖြစ်သို့ ပြောင်းလဲပေးခဲ့တာကတော့ သွေးသွင်းကုသမှုပဲ ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုတစ်ခုအပြီးမှာ သွေးထွက်လွန်နေတဲ့ ၁၁ နှစ်အရွယ် သွေးမတိတ်တဲ့ရောဂါရှင်တစ်ယောက်ကို သွေးသွင်းပေးကြည့်တဲ့အခါ အသက်ရှင်ခဲ့တာမို့ သွေးမတိတ်ရောဂါကို ပထမဆုံး ကုသနိုင်ခဲ့တဲ့ ၁၈၄၀ ခုနှစ်ဟာ သမိုင်းဝင်ခဲ့ပါတယ်။


(6) ပထမဆုံးသွေးအုပ်စုခွဲခြားခြင်း (First Blood Group Typing)


သွေးသွင်းကုသမှုတွေ ခေတ်စားလာတာနဲ့အမျှ လူလူခြင်းသွေးသွင်းတာတွေ ပြုလုပ်တဲ့အခါ တစ်ချို့သွေးလက်ခံသူတွေ သေဆုံးရခြင်းဟာ လူတစ်ယောက်နဲ့ တစ်ယောက် သွေးမတည့်တာတွေကြောင့်ဖြစ်တယ်လို့ သိရှိလာကြပါတယ်။ ဒါပေမယ့် အဲ့ဒီသွေးတည့်ခြင်း၊ မတည့်ခြင်းဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မသိသေးတာကြောင့် အရင်ခေတ်က သွေးသွင်းကုသမှုတွေဟာ မြှားတစ်စင်းကို ရမ်းသမ်းပစ်နေရသလိုပဲ၊ ကံစီမံရာသဘောမျိုး ဖြစ်နေခဲ့ရပါတယ်။ ဒီလို မရေရာ မသေချာတဲ့ အခြေအနေတွေကို အဆုံးသတ်ပေးနိုင်ခဲ့တာကတော့ A, B, O သွေးအုပ်စုတွေကို စတင်တွေ့ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။


A, B, O သွေးအုပ်စုတွေကို ပထမဦးဆုံး ခွဲခြားနိုင်ခဲ့သူကတော့ နာမည်ကျော် ဆေးသိပ္ပံပညာရှင် Karl Landsteiner ပါ။ သူက တစ်ခါတစ်လေ လူနှစ်ဦးရဲ့ သွေးတွေကို ရောလိုက်ရင် ဘာကြောင့်ခဲသွားရသလဲ ဆိုတာကို လေ့လာရင်းနဲ့ အဲ့ဒီသွေးခဲမှုဟာ သွေးမှာပါဝင်တဲ့ သွေးရည်ကြည် (serum) ကြောင့်ဖြစ်တယ်ဆိုတာကို ၁၉၀၀ ခုနှစ်မှာ စတင်တွေ့ရှိပါတယ်။ ဆက်လက်ပြီး လေ့လာလိုက်တဲ့အခါမှာ မတူညီတဲ့ သွေးအုပ်စု ၃ မျိုးဖြစ်တဲ့ A, B နဲ့ O (တွေ့တွေ့ချင်းမှာတော့ C လို့ အလွယ်ခေါ်ခဲ့) ကို ခွဲခြားနိုင်ခဲ့ပါတယ်။ သွေးလက်ခံမယ့် လူနာနဲ့ အုပ်စုတူတဲ့ သွေးကိုသွင်းရင် အောင်မြင်ပြီး အုပ်စုမတူတဲ့ သွေးကိုသွင်းရင်တော့ အသက်အန္တရာယ်ဖြစ်တတ်တယ် ဆိုတာကို သိလာခဲ့ခြင်းဟာ သွေးသွင်းကုသမှုတွေကို သိပ္ပံနည်းကျဖြစ်အောင်၊ ပိုမိုတိကျတဲ့ သွေးသွင်းမှုနဲ့ အသက်ဆုံးရှုံးမှုတွေ မလိုအပ်ပဲ မဖြစ်ရအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ (AB သွေးအုပ်စုကိုတော့ ၁၉၀၂ ခုနှစ်မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးက ဆက်လက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။)


Karl Landsteiner ရဲ့ တွေ့ရှိမှုဟာ Blood Transfusion သမိုင်းကြောင်းမှာ အလွန်အရေးပါခဲ့တာမို့ ၁၉၃၀ ခုနှစ်မှာ ဆေးပညာနိုဗယ်ဆုကိုတောင် ရရှိခဲ့ပါသတဲ့။ (ကမ္ဘာ့သွေးလှူရှင်များနေ့ - World Blood Donor Day ဖြစ်တဲ့ ဇွန် ၁၄ ရက် ဟာဆိုရင် သူ့မွေးနေ့ကို ယူထားတာဖြစ်ပါတယ်။)


(7) သွေးတည့်၊ မတည့် အရင်စစ်ဆေးပြီးမှ ပြုလုပ်ခဲ့သော ပထမဆုံးသွေးသွင်းကုသမှု (First "Safe" Transfusion: Cross-matching)


သွေးအုပ်စုတွေကို စတင်တွေ့ရှိပြီးတဲ့ နောက်မှာ သွေးသွင်းကုသမှုတွေကို ပိုမို အန္တရာယ်ကင်းလာစေဖို့အတွက် ဆေးသိပ္ပံပညာရှင်အများအပြားက အားကြိုးမာန်တက် ဆက်လက်လေ့လာ ခဲ့ကြပါတယ်။ ၁၉၀၇ ခုနှစ်မှာတော့ Hektoen က သွေးမသွင်းခင် သွေးလှူရှင်နဲ့ သွေးလက်ခံရရှိသူနှစ်ဦးကို သွေးတည့်၊ မတည့် စစ်ဆေးခြင်း (cross matching) ပြုလုပ်ဖို့ အကြံပေးခဲ့ပါတယ်။


သွေးအုပ်စုခွဲတာတွေ၊ သွေးတည့်၊ မတည့်စစ်ဆေးတာတွေကို သိပ္ပံနည်းကျစမ်းသပ်ပြုလုပ်ထားတဲ့ ပထမဦးဆုံး သွေးသွင်းမှုကိုတော့ နယူးယောက်မြို့မှာ Reuben Ottenberg ဆိုတဲ့ ပုဂ္ဂိုလ်က စတင်လုပ်ဆောင်နိုင်ခဲ့ပြီး ယနေ့ခေတ် လုံခြုံစိတ်ချရတဲ့ သွေးသွင်းကုသမှုများရဲ့ ကနဦးအစဖြစ်ခဲ့ရပါတယ်။


ဒီလို ခေတ်အဆက်ဆက် ဆေးပညာရှင်သိပ္ပံပညာရှင်တွေရဲ့ လုံ့လနဲ့ အောင်မြင်ခဲ့တဲ့ ရှာဖွေတွေ့ရှိမှုတွေဟာ ယနေ့ ၂၁ ရာစုမှာ ဆိုရင်တော့ အများကြီးဆက်လက်တိုးတက်နေပြီဖြစ်ပါတယ်။ သွေးသိုလှောင်နိုင်တဲ့နည်းလမ်းတွေကို တွေ့ရှိပြီး သွေးလှူဘဏ်တွေ ထူထောင်ကြ၊ သွေးလှူရှင်အသင်းတွေ ဖွဲ့စည်းကြ၊ နာတာရှည်ရောဂါတွေအပြင် အရေးပေါ်အခြေအနေ အရပ်ရပ်မှာလည်း သွေးကို အန္တရာယ်ကင်းကင်းနဲ့ အလွယ်တကူသွင်းနိုင်အောင် စီမံလာနိုင်ကြပြီး ရောဂါဝေဒနာပေါင်းများစွာကို ဆက်လက်ကုသကာ လူ့အသက်ပေါင်းများစွာကိုလည်း ဆက်လက်ကယ်တင်လျက် ရှိပါတယ်။


#RedRoseCampaign