*သွေးသွင်းရန်လိုအပ်သည့် ရောဂါများနှင့် သွေးလှူဒါန်းနည်းအမျိုးအမျိုး*

*သွေးသွင်းရန်လိုအပ်သည့် ရောဂါများနှင့် သွေးလှူဒါန်းနည်းအမျိုးအမျိုး*


အားလုံးပဲ မင်္ဂလာပါ။


ဒီတစ်ပတ်မှာတော့ မတူညီတဲ့ သွေးသွင်းခြင်း အမျိုးအစားတွေနဲ့ သွေးသွင်းဖို့လိုအပ်တဲ့ ရောဂါတွေအကြောင်း ကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။


သွေးရောဂါဖြစ်နေတဲ့ လူတွေဟာ သွေးထဲမှာပါဝင်‌တဲ့ သွေးနီဥ၊ သွေးဖြူဥ နဲ့ ‌သွေးဥမွှား‌‌တွေရဲ့ ပမာဏအနည်းအများ (သို့မဟုတ်) အသွင်ပုံစံပြောင်းလဲမှုတွေအလိုက် ရောဂါ‌ဝေဒနာခံစားရပါတယ်။ မွေးရာပါသွေးရောဂါ‌ဝေဒနာရှင်တွေ (ဥပမာ၊ Hemophilia - သွေးမတိတ်သည့်ရောဂါ)၊ အကြောင်းအမျိုးမျိုးကြောင့်ထိခိုက် ဒဏ်ရာရသူတွေနဲ့ မတော်တဆမှုတွေ၊ အရေးပေါ်ခွဲစိတ်မှုတွေနဲ့ သားဖွားခြင်းကြောင့် သွေးထွက်လွန်သူတွေ စသဖြင့် လူနာအများစုက သွေးသွင်းဖို့လိုအပ်ပါတယ်။ ပုံမှန်သွေးသွင်း‌နေမှသာအသက်ဆက်ရှင်သန်နိုင်မယ့်ရောဂါ (ဥပမာ - သွေးကင်ဆာ) ဖြစ်နေတဲ့ ရောဂါဝေဒနာသည်တွေလည်းရှိနေပါတယ်။


ဒါပေမယ့် လူနာတစ်ဦးနဲ့တစ်ဦး ခံစားနေရတဲ့ရောဂါမတူတဲ့အတွက် သွေးသွင်းရမယ့်အမျိုးအစားလည်း မတူပါဘူး။ သွေးသွင်းရတဲ့အမျိုးအစားကိုကြည့်မယ်ဆိုရင် 1. Red blood cell transfusion (သွေးနီဥသွင်းခြင်း) 2. Platelets transfusion (သွေးဥမွှားသွင်းခြင်း) 3. Plasma transfusion (သွေးရည်ကြည်သွင်းခြင်း) 4. Whole blood transfusion (သွေးသွင်းခြင်း) ဆိုပြီးလေးမျိုးရှိပါတယ်။


တစ်ခုချင်းစီရဲ့အသေးစိတ်ကိုတော့ ပုံအောက်မှာသေချာလေးရှင်းပြပေးထားပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ပစ္စည်းတစ်ခုချင်းစီတိုင်းဟာ လူနာတစ်ယောက်ချင်းစီအတွက် အရေးပါတဲ့အတွက်ကြောင့် COVID-19 ကာလမှာ အသက်တွေမဆုံးရှုံးရအောင် သွေးလှူဒါန်းခြင်းဖြင့် ​​သွေးလှူရှင်အရေအတွက်များလာဖို့ကလည်း အရေးကြီးပါတယ်။ ဖတ်ရှုလေ့လာပြီး ဗဟုသုတရတယ်ဆိုရင်မျှဝေပေးကြပါဦးနော်။


COVID-19 ဒုတိယလှိုင်းမှာလည်း ကိုယ့်ကိုယ်ကိုယ် နေကောင်းအောင်၊ ကျန်းမာအောင် ဂရုတစိုက်နေပေးကြပါနော်။ ️


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက ​- https://www.donatebloodmyanmar.org/booking


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။"


1. Red blood cell transfusion (သွေးနီဥသွင်းခြင်း)


သွေးအားနည်းသူတွေမှာ သွင်းလေ့ရှိပါတယ်။ သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့သွေးနီဥပမာဏနည်းတာဖြစ်ပါတယ်။ သွေးနီဥက ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ကိုသယ်ဆောင်ပေးတဲ့အတွက် ပမာဏနည်းလာရင် လူနာက အလွယ်တကူပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်းနှင့် ရင်တုန်ခြင်း အစရှိတာတွေခံစားရတတ်ပါတယ်။ သွေးအားနည်းရတဲ့ အကြောင်းအရင်းကို ရှာဖွေကာ အရင်ဆုံးကုသပြီး လိုအပ်လာရင် သွေးနီဥကိုလည်း လူနာသက်သာစေဖို့အတွက် ပေးသွင်းရပါတယ်။ အထူးသဖြင့် သံဓာတ်အားနည်းခြင်း ကြောင့်ဖြစ်သော သွေးအားနည်းရောဂါ နှင့် သွေးရောဂါတွေမှာ အဓိကပေးပါတယ်။


2. Platelets transfusion (သွေးဥမွှားသွင်းခြင်း)


သွေးဥမွှားက မိမိကိုယ်မှာ သွေးထွက်လာရင် သွေးတိတ်အောင်လုပ်ပေးတဲ့ ပစ္စည်းလေးပါ။ ခန္ဓာကိုယ်ထဲမှာ သူတို့ရဲ့ ပမာဏနည်းလာရင် သွေးတိတ်ဖို့ခက်ပါတယ်။ ရောဂါပြင်းပြီး မကုသပဲထားထားလျှင် ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ သွေးဥမွှားနည်းခြင်းဟာ autoimmune ကြောင့်ဖြစ်နိုင်သလို သွေးကင်ဆာရောဂါသည်များ (leukemia) နှင့် အခြားကင်ဆာရောဂါများမှာ သိသိသာသာနည်းတတ်ပါတယ်။ အထူးသဖြင့် ဓါတ်ကင်ပြီးနောက်မှာ သွေးဥမွှားတွေကို ထုတ်လုပ်ပေးတဲ့ ရိုးတွင်းခြင်ဆီက ပျက်စီးလာတာကြောင့် သူတို့ရဲ့ ပမာဏနည်းလာတတ်တဲ့အတွက် အားပြန်ဖြည့်ပေးရပါတယ်။


3. Plasma transfusion (သွေးရည်ကြည်သွင်းခြင်း) သွေးရည်ကြည်ဆိုတာကတော့ ဆဲလ်တွေ မပါတဲ့အရည်ကြည်သီးသန့် ဖြစ်ပါတယ်။ သူ့ကို သပ်သပ်ခွဲထုတ်ကြည့်လိုက်မယ်ဆိုရင် အဝါရောင်ရှိပါတယ်။ သွေးရည်ကြည်ထဲမှာ ပရိုတင်းဓာတ်တွေအပြင်ရောဂါပိုးတိုက်ထုတ်ပေးတဲ့Antibodies နဲ့ သွေးခဲစေတဲ့ပစ္စည်းများ (clotting factors) တွေပါဝင် ပါတယ်။ သွေးရည်ကြည်သွင်းကုထုံးကို အဓိကအားဖြင့် မီးလောင်ဒဏ်ရာများ၊ အသည်းရောဂါအချို့နှင့် ပိုးဝင်လျှင် အသုံးပြုကြပါတယ်။ အပေါ်မှာပြောခဲ့တဲ့ Hemophilia (မွေးရာပါသွေးမတိတ်သောရောဂါ) ဆိုတာ သွေးခဲစေတဲ့ပစ္စည်းတွေကို ခန္ဓာကိုယ်ကမထုတ်နိုင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် Hemophilia ကို ကုသတဲ့နည်းတွေထဲမှာ သွေးရည်ကြည်ကုထုံးက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် သွေးရည်ကြည်ထဲမှာ Antibodies တွေပါတဲ့အတွက် ရောဂါကူးစက်ခံရပြီး ပြန်လည်သက်သာလာသူရဲ့ သွေးရည်ကြည်ကို အသုံးပြု၍ အခြားလူနာတစ်ယောက်ကို ကုသလျှင် လျင်မြန်စွာသက်သာနိုင်ပါတယ်။ ဒါကြောင့် အခုဆိုရင် သွေးရည်ကြည်သွင်းတဲ့ ကုထုံးကို Covid-19 ကုသရေးမှာ စမ်းသပ်လျက်ရှိပါတယ်။


4. Whole blood transfusions


သွေးကို သွေးနီဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်မခွဲခြားပဲ ဒီတိုင်းအကုန်ပေါင်းသွင်းတာကတော့ သွေးလှူဒါန်းခြင်းကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ ခြေလှမ်းအစပဲ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ် ဖြစ်ပွားစဉ်ကာလမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ကုသနည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ယခုအချိန်မှာတော့ ခွဲစိတ်ကုသခြင်း၊ သွေးထွက်လွန်ခြင်း (ဥပမာ - Postpartum Hemorrhage - ကလေးမွေးပြီးသွေးသွန်ခြင်း)၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရခြင်း အစရှိတဲ့ အခြေအနေများအတွက်လည်း ကုသနည်းအဖြစ် အသုံးပြုလျက်ရှိပါတယ်။


#RedRoseCampaign