သွေးအားနည်းခြင်း(Amaemia) ဆိုသည်မှာ

Updated: Jan 13, 2021

ကမ္ဘာပေါ် မှာ အယောက် ၁၀၀ တိုင်းတွင် ၂၁‌ယောက်က သွေးအားနည်းခြင်း ခံစားနေရပါတယ်


အရင်အပတ်တွေမှာ Red Rose Campaign ကနေ သွေးလှူဖို့ဘာတွေလိုအပ်လဲ၊ သွေးအမျိုးအစားတွေအကြောင်း၊ သွေးအားကောင်းအောင်ဘာတွေစားရမလဲ စတာတွေကို တင်ပေးပြီးပြီမို့လို့ ဒီတစ်ခါမှာတော့ သွေးနဲ့ဆိုင်တဲ့ အဖြစ်အများဆုံးရောဂါဖြစ်တဲ့ သွေးအားနည်းခြင်း (Anaemia) အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ သွေးအားနည်းတယ်ဆိုတာဘာလဲ၊ ဘယ်လိုလက္ခဏာတွေပြတတ်လဲ၊ သွေးအားနည်းရင် သွေးလှူလို့ရလားဆိုတာသိရအောင် အောက်ကပုံလေးတွေကိုထောက်ပြီး ဖတ်ကြည့်ပေးပါနော်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - https://www.donatebloodmyanmar.org/booking


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။" "A drop of blood for you, a hope of a lifetime for them."


#RedRoseCampaign



၁။သွေးအားနည်းခြင်း ( Anaemia) ဆိုတာဘာလဲ?


ကျွန်ုပ်တို့လေထဲကနေတဆင့် ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကို ဆဲလ်တွေဆီရောက်ရှိဖို့အတွက် ဟေမိုဂလိုဘင်လို့ခေါ်တဲ့ မော်လီကျူးလေးတွေက လုပ်ဆောင်ပေးပါတယ်။ သူတို့တွေက သွေးနီဥလေးတွေရဲ့ အထဲမှာရှိပါတယ်။ ဟေမိုဂလိုဘင်က အောက်ဆီဂျင်ကို ပေါင်းလိုက်တဲ့အခါ အောက်ဆီဟေမိုဂလိုဘင်ဖြစ်သွားပြီး သူတို့တွေကတစ်ဆင့် တစ်ရှူးတွေ၊ ဆဲလ်တွေအထိ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးပါတယ်။


သွေးအားနည်းရောဂါဟာ ကျန်းမာတဲ့သွေးနီဥ သို့ ဟေမိုဂလိုဘင်ပမာဏနည်းနေတာနဲ့ သွေးက အောက်ဆီဂျင်ကို ကောင်းကောင်း မသယ်ပေးနိုင်တော့ပါဘူး။ ဒါဟာသွေးအားနည်းရောဂါဖြစ်ရတဲ့ အခြေခံ အကြောင်းအရင်း ဖြစ်ပါတယ်။


အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ရဲ့ သွေးတွင်းဟေမိုဂလိုဘင် ပမာဏဟာ 13-17 g/dl ဖြစ်တယ်။ အရွယ်ရောက်ပြီးသား မိန်းမတစ်ယောက် အတွက်ဆိုရင် 12-15 g/dl ဖြစ်တယ်။ ဒါကြောင့် ဟေမိုဂလိုဘင် ပမာဏဟာ ယောက်ျားလေးတွေမှာ 13 g/dl အောက်ထိရောက်ပြီး မိန်းကလေးတွေမှာ 12 g/dl အောက်ထိရောက်နေပြီဆိုရင် သွေးအားနည်းရောဂါရှိပြီလို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။

သွေးအားနည်းရောဂါဟာ ခဏတာ ဒါမှမဟုတ် နာတာရှည်လဲ ဖြစ်နိုင်ပါတယ်။ လူနာတစ်ယောက်နဲ့တစ်ယောက် ရောဂါပြင်းထန်မှုကလဲ ကွာခြားနိုင်ပါတယ်။


ဘာကြောင့် သွေးအားနည်းရောဂါဖြစ်ရတာလဲ?


အဓိကအားဖြင့် သွေးအမြောက်အမြားဆုံးရှုံးတဲ့အခါ၊ သွေးနီဥတွေကို လုံလောက်စွာမထုတ်လုပ်နိုင်တဲ့အခါ၊ သွေးနီဥတွေ ပျက်စီးမှုများပြားတဲ့အခါမျိုးတွေမှာ သွေးအားနည်းရောဂါဖြစ်လေ့ရှိပါတယ်။


၂။သွေးအားနည်းရောဂါအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ?


1) သွေးနီဥဆဲလ်တွေရဲ့ ပုံစံအရ

2) ရောဂါဗေဒအရ ဆိုပြီး ခွဲခြားလို့ရပါတယ်။


ဥပမာအားဖြင့်-

1. Iron deficiency anaemia (သံဓာတ်မလုံလောက်၍သွေးအားနည်းခြင်း)

2. Vitamin deficiency anaemia ( ဗီတာမင်ဓာတ်များချို့တဲ့၍သွေးအားနည်းခြင်း)

3. Anaemia due to Chronic Diseases (ရောဂါအခံကြောင့် သွေးအားနည်းခြင်း)

4. Anaemia associated with bone marrow disease ( ရိုးတွင်းခြင်ဆီနှင့်ဆိုင်သော ရောဂါများကြောင့် သွေးနီဥလုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း)

5. Hemolytic anaemia (သွေးနီဥများပျက်စီးခြင်း)

6.Sickle cell anaemia ( သွေးနီဥများပုံမမှန်၍ ဖျက်ဆီးခံရခြင်း)


Hemolytic Anaemia ဆိုတာကတော့ ဖျက်စီးခံနေရတဲ့ သွေးနီဥအရေအတွက်ကို အလျင်မီအောင် ခန္ဓာကိုယ်က သွေးနီဥအသစ်များကို လုံလောက်စွာမထုတ်ပေးနိုင်တဲ့ အခြေအနေပါ။ Thalassemia နဲ့ sickle cell disease တို့လိုမျိုး မျိုးရိုးလိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ တချို့သော ကူးစက်ရောဂါများ၊ ကင်ဆာ၊ ​​ ဗေလုံး (spleen) မှမူမမှန်စွာ ဖျက်ဆီးနေခြင်း၊ လူနာရဲ့သွေးနဲ့သွင်းလိုက်တဲ့သွေးမှာ ပြင်းထန်စွာ ဓာတ်မတည့်ခြင်း စတဲ့ အခြေအနေတွေကြောင့် လည်းကောင်း ဖြစ်ပွားလေ့ရှိပါတယ်။


ပုံမှန်အားဖြင့် ကျွန်ုပ်တို့ရဲ့သွေးနီဥလေးတွေဟာ နှစ်ဖက်ခွက်စက်ဝိုင်းပုံသဏ္ဍာန် (biconcave circular disc) ရှိပါတယ်။ Sickle cell disease မှာတော့ သွေးနီဥများဟာ တံစဥ်ပုံ (သို့) လခြမ်းပုံဖြစ်နေပါတယ်။ အဲ့ဒီအခါ ဆံခြည်မျှင်သွေးကြောတွေထဲကို သွေးတွေဖြတ်သန်းစီးဆင်းတဲ့အခါ လမ်းကြောင်းပိတ်ဆို့သွားတတ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးပုံမမှန်တဲ့ သွေးနီဥလေးတွေကို ခန္ဓာကိုယ်က ဖျက်ဆီးလိုက်တဲ့အခါ အောက်ဆီဂျင်သယ်ဆောင်ဖို့ သွေးနီဥအရေအတွက် မလုံလောက်တော့ဘဲ သွေးအားနည်းရောဂါဖြစ်သွားနိုင်ပါတယ်။


မျိုးရိုးဗီဇကြောင့် သွေးအားနည်းတဲ့ရောဂါတွေကိုတော့ ကုသလို့မရသေးပါဘူး။ ဒါပေမဲ့ သွေးအားမနည်းအောင်၊ အားရှိအောင် ကိုယ့်ဘက်ကနေ တက်နိုင်သရွေ့ကာကွယ်လို့ရပါတယ်။ သွေးအားကောင်းအောင်ဘာတွေစားရမလဲဆိုတာ သိချင်ရင်တော့ အောက်က link လေးကို ဝင်ဖတ်ကြည့်ပါနော်။


https://bit.ly/EatABalancedDietToDonateBlood

၃။သွေးအားနည်းပြီဆိုရင် ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ?


မောပန်းနွမ်းနယ်ခြင်း၊

အားအင်ကုန်ခမ်းခြင်း၊

ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊

နှလုံးခုန်မမှန်ခြင်း၊

အသက်ရှူမဝခြင်း၊

ခေါင်းမူးခေါင်းကိုက်ခြင်း၊

ရင်ဘတ်အောင့်ခြင်း နှင့်

လက်ဖျားခြေဖျားများအေးစက်ခြင်း စတဲ့ ရောဂါလက္ခဏာတွေကို အများအားဖြင့် တွေ့ရတတ်ပါတယ်။


၄။ဘယ်လိုလူတွေက သွေးအားနည်းရောဂါဖြစ်ဖို့ ပိုအလားအလာရှိသလဲ?


မိမိနေ့စဥ် စားသုံးတဲ့အစားအစာတွေထဲမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်မပြည့်ဝခြင်း၊ အမျိုးသမီးများတွင် ရာသီသွေးအဆင်းများခြင်း၊ ကိုယ်ဝန်ရှိပါက သန္ဓေသားအတွက်ပါ သွေးနီဥများပိုမိုလိုအပ်ခြင်း၊ ဆီးချို၊ ကျောက်ကပ်နဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါများ ခံစားနေရခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်း စတဲ့အခြေအနေတွေမှာ သွေးအားနည်းရောဂါ ပိုမိုဖြစ်ပွားဖို့ အလားအလာရှိပါတယ်။


သွေးအားနည်းရောဂါကို ဘယ်လိုကုသနိုင်မလဲ?


ဒါကတော့ ဖြစ်ပွားရတဲ့ အကြောင်းအရင်းပေါ် မူတည်ပါတယ်။ သံဓာတ်မလုံလောက်တာဆို သံဓာတ်အားဆေးတွေ သောက်ပေးတာမျိုး၊ ဗီတာမင်ချို့တဲ့တာဆို ဗီတာမင်နဲ့သတ္ထုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဆေးဝါးတွေမှီဝဲပေးတာမျိုး၊ သွေးတွေဆုံးရှုံးမှုကြောင့်ဆိုရင်တော့ သွေးပြန်သွင်းပေးတာမျိုး၊ ရောဂါအခံကြောင့်ဆိုရင်တော့ အဲ့ရောဂါပျောက်ကင်းအောင် ကုသပေးတာမျိုး စသဖြင့် ကုသမှုပေးပုံတွေ ကွဲပြားနိုင်ပါတယ်။



၅။သွေးအားနည်းရင် သွေးလှူလို့ရနိုင်မလား?


လှူဒါန်းမယ့်သူမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေရှိနိုင်တာကြောင့် မိမိက သွေးအားနည်းရောဂါကို ခံစားနေရတဲ့သူဆိုရင်တော့ သွေးလှူဒါန်းလို့ မရပါဘူး။ ဒါပေမယ့် သွေးအားကောင်းအောင် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေစားသုံးမယ်၊ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်မယ်၊ အိပ်ရေးဝအောင် အိပ်စက်မယ်၊ ရောဂါအခံရှိရင်လဲ ပျောက်ကင်း (သို့) သက်သာလာအောင် ကုသနိုင်မယ်ဆိုရင်တော့ ပြန်လည်ကျန်းမာလာပြီး စေတနာသွေးလှူရှင်များ ဖြစ်လာနိုင်ပါတယ်။ ကိုယ်တိုင်သွေးမလှူနိုင်ပေမဲ့ သွေးလှူဒါန်းခြင်းနဲ့ပက်သက်တဲ့ အခြားသောနေရာတွေမှာ ဝင်ရောက်ကူညီနိုင်ပါတယ်။ အသေးစိတ်ဖတ်ချင်သူတွေက အောက်က link လေးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။


https://bit.ly/WaysYouCanHelpToIncreaseBloodDonors