Blood Donation VS Plasma Donation: A Thorough Look

သွေးရည်ကြည်ကို ‌ရေ ၉၀% နှင့် အိုင်းယွန်းများ (ions) ၊ ပျော်၀င်ဓာတ်ငွေ့များ (dissolved gases)၊ ပရိုတင်းများ (proteins) စုစုပေါင်း ၁၀% ဖြင့် ဖွဲ့စည်းထားပါတယ်။ ပရိုတင်းများကို ထပ်ပြီး အမျိုးအစားခွဲကြည့်မယ်ဆိုရင် သွေးခဲစေသောပစ္စည်းများ (clotting factors)၊ သွေးရည်ကြည်ပရိုတင်းများ (plasma proteins) နှင့် ပဋိပစ္စည်းများ (antibodies) ပါ၀င်ပါတယ်။ ဒီ antibodies တွေကို သွေးရည်ကြည်ထဲကနေထုတ်ယူပြီး ရောဂါကုသခြင်းနဲ့ သုတေသနလုပ်ငန်းတွေမှာ အသုံးပြုပါတယ်။

ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးကို အမျိုးအစားခွဲကြည့်မယ်ဆိုရင် သွေးဆဲလ်တွေ (သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား) နဲ့ သွေးရည်ကြည် ( plasma) တို့ပါ၀င်တယ်။ သွေးနီဥ တွေက အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးတယ်။ သွေးဖြူဥတွေက ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ၀င်ရောက်မှုမရှိအောင် တားဆီး ကာကွယ်ပေးတယ်။ သွေးဥမွှားတွေကတော့ ကျွန်ုပ်တို့ ခန္ဓာကိုယ်ဟာ အကြောင်းတစ်ခုခုကြောင့် ထိခိုက်ရှနာ ဒဏ်ရာရပြီး သွေးထွက်တဲ့အခါ သွေးထွက်တဲ့နေရာမှာ သွေးတိတ်စေဖို့အတွက် လုပ်ဆောင်ပေးပါတယ်။


အခုပြောပြမှာကတော့ သွေးထဲကပါဝင်ပစ္စည်းအကုန်လုံးကိုလှူဒါန်းတဲ့ ပုံမှန်သွေးလှူခြင်း (Whole Blood Donation) နဲ့ သွေးရည်ကြည်လှူဒါန်းခြင်း (Plasma Donation) တို့အကြောင်းပဲဖြစ်ပါတယ်။

သွေးရည်ကြည်လှူဒါန်းရန်အတွက် - https://www.ccpmm.org/

ပုံမှန်သွေးလှူဒါန်းရန်အတွက် - www.donatebloodmyanmar.org/booking


#RedRoseCampaign


Whole Blood Donation


သွေးလှူဒါန်းခြင်း (Whole Blood Donation) ဆိုတာက ကျွန်ုပ်တို့ သွေးကြောထဲမှာ စီးဆင်းနေတဲ့သွေးတွေကို သွေးပြန်ကြောကတဆင့် ဖောက်ယူပြီး သိမ်းဆည်းထားကာ သွေးလိုအပ်နေသော လူနာဆီသို့ ပြန်လည်ဖြည့်တင်းပေးခြင်းပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ သွေးထဲမှာဆိုရင် သွေးနီဥ သွေးဖြူဥ နှင့် သွေးဥမွှားလို့ခေါ်တဲ့ သွေးဆဲလ်တွေအပြင် ၎င်းဆဲလ်တွေ မျောနေတဲ့ သွေးရည်ကြည် တို့ပါ၀င်တယ်။


သွေးလှူဒါန်းနိုင်မယ့်အလှူအရှင်ဟာ -

၁။ အသက် ၁၈ နှစ်မှ ၅၅ နှစ် အတွင်းဖြစ်ရမယ်။

၂။ အမျိုးသားဆိုရင် ကိုယ်အလေးချိန် ပေါင် ၁၁၀ အထက်ရှိရမယ်။ အမျိုးသမီးဆိုရင် ကိုယ်အလေးချိန် ပေါင် ၁၀၀ အထက်ရှိရမယ်။

၃။ လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမယ်။

၄။ လွန်ခဲ့သော ၆ လအတွင်း ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်းတို့မရှိသူ ဖြစ်ရမယ်။ ၅။ အမျိုးသမီးများအနေနှင့် ကိုယ်၀န်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းတို့မရှိသူ ဖြစ်ရပါမယ်။

၆။ ပထမတစ်ကြိမ်သွေးလှူပြီးလို့ နောက်ထပ်တစ်ကြိမ်သွေးလှူချင်သေးတယ်ဆိုရင် အနည်းဆုံး ၅၆ ရက် (၈ပတ်) ထပ်စောင့်ရပါမယ်။


ကျွန်ုပ်တို့ လှူဒါန်းလိုက်တဲ့ သွေးတွေကို ရောဂါအခံတစ်ခုခုကြောင့် သွေးအမြောက်အများဆုံးရှုံးထားပြီး သွေးအားနည်းရောဂါလက္ခဏာများ ခံစားနေရတဲ့ လူနာများကို သွေးသွင်းကုသတဲ့နေရာမှာ အသုံးပြုပါတယ်။ သွေးလှူဒါန်းလိုပါက အမျိုးသားသွေးဌာန ၌ သွားရောက်လှူဒါန်းနိုင်ပြီး www.donatebloodmyanmar.org/booking မှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။


Plasma Donation


သွေးရည်ကြည်လှူတာက ‌ရိုးရိုးသွေးလှူတာနဲ့ တူညီသလောက်ရှိပေမယ့်ကွဲပြားမှုလေးတွေတော့ရှိတယ်။ သွေးရည်ကြည်လှူတော့မယ်ဆိုရင် ရိုးရိုးသွေးလှူဒါန်းတုန်းကလိုပဲ အရင်ဆုံး မိမိကျန်းမာရေးနဲ့ဆိုင်တဲ့ မေးခွန်းလေးတွေ‌ဖြေရမယ်။ မိမိသွေးထဲမှာ သွေးကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေရှိသလားစစ်မယ်။ နောက်တစ်ဆင့်အနေနဲ့ မိမိ သွေးရည်ကြည်ထဲမှာ ဗိုင်းရပ်စ်ကိုသတ်နိုင်တဲ့ပဋိပစ္စည်းအရေအတွက် (Neutralizing antibody count) လုံလုံလောက်လောက် ရှိသလား ဆိုတာ စစ်ဆေးရပါတယ်။

အပေါ်က ဆိုခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီပြီဆို ရင် သွေးရည်ကြည်ကို စတင်လှူဒါန်းလို့ ရပါပြီ။


သွေးရည်ကြည်လှူချင်တဲ့လူတွေအနေနဲ့ COVID-19 ရောဂါပျောက်ကင်းပြီး ရက် ၄၀ အကြာမှာမှစပြီးသွေးလှူဒါန်းလို့ရပါမယ်။ Online registration စနစ်နဲ့သွေးလှူဖို့စာရင်းသွင်းပြီးရင် ကျန်းမာရေးအခြေအနေစစ်ဆေးဖို့ ဆရာဝန်မှ ဖုန်းဖြင့်ဆက်သွယ်ပါမယ်။ ဆရာဝန်တွေက COVID-19 ရောဂါပျောက်ကင်းထားသူဟုတ်မဟုတ်နဲ့ မိမိတို့ရဲ့ COVID-19 ရောဂါလူနာအမှတ်စဉ်နံပါတ်ကို အဓိကထားမေးသွားမှာဖြစ်ပါတယ်။ မိမိတို့ ခန္ဓာကိုယ်ထဲမှာ antibodies ပမာဏအလုံအလောက်ရှိ၊ မရှိသွေးနမူနာယူ စစ်ဆေးပြီးတဲ့အခါ သွေးလှူဖို့သင့်၊ မသင့် ဖုန်းဆက်အကြောင်းကြားပါမယ်။ လှူလို့ရပြီဆို ပုံမှန်သွေးလှူသလို အမျိုးသားသွေးဌာနကိုသွားရမှာမဟုတ်ပါဘူး။ သွေးရည်ကြည်လှူဒါန်းတာကို ဆေးသုတေသနဦးစီးဌာနမှာ သွားရောက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။


ဆေးသုတေသနဦးစီးဌာနရဲ့ လိပ်စာကတော့ - အမှတ်စဉ်(၅)၊ ဇီဝကလမ်း ဖြစ်ပါတယ်။


သွေးရည်ကြည်လှူတဲ့ လုပ်ငန်းစဉ် တွေက ရိုးရိုးသွေးလှူဒါန်းတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆင်တူပါတယ်။

အရင်ဆုံး သွေးလှူမယ့် အလှူ့ရှင် ရဲ့ လက်‌မှာရှိတဲ့ သွေးပြန်ကြောကို အပ်နဲ့ ဖောက်မယ်။ ပြီးရင် သွေးတွေကို ယူမယ်။ ထူးခြားချက်ကတော့ ယူလိုက်တဲ့သွေးတွေကို Plasmapheresis လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုပြီးတော့ သွေးရည်ကြည်သက်သက် သွေးဆဲလ်တွေ သက်သက် ခွဲထုတ်လိုက်မယ်။ ရလာတဲ့ သွေးရည်ကြည်ကို သိမ်းဆည်းထားပြီးတော့ ရောဂါပြင်းထန်တဲ့လူနာတွေကိုကုသတဲ့ နေရာနဲ့ သုတေသနလုပ်ငန်းတွေမှာ သုံးမယ်။ ကျန်ခဲ့တဲ့သွေးဆဲလ် တွေကို ခုနက ထုတ်ယူ လိုက်တဲ့ သွေးရည်ကြည် အချိုးအဆအတိုင်း သန့်စင်သော ဆေလိုင်း ပျော်ရည် (sterile saline solution) နဲ့ ရောပြီးတော့ အလှူရှင် ခန္ဓာကိုယ်ထဲကို ပြန်ထည့် ပေးပါတယ်။


ပုံမှန်သွေးတွေကိုတော့ ၂-၆ ဒီဂရီစင်တီဂရိတ်မှာ သိုလှောင်ပြီး သွေးရည်ကြည်တွေကိုတော့ ပုံမှန်ထက်ပိုနိမ့်တဲ့ အပူချိန် (-၂၀ဒီဂရီ စင်တီဂရိတ်) မှာ ခဲပြီးသိုလှောင်ထားရပါတယ်။ လာရောက်လှူဒါန်းထားတဲ့သွေးရည်ကြည်ကို အမျိုးသားသွေးဌာနမှာ တစ်နှစ်အထိသိုလှောင်ထားလို့ရပါတယ်။


ဒါပေမဲ့ ပုံမှန်သွေးအလှူရှင်တွေလိုဘဲ သွေးရည်ကြည်အလှူရှင်တွေက တစ်ခါသွေးလှူတိုင်း လူ့အသက် ၃ ချောင်းအထိကယ်နိုင်စွမ်းရှိပါတယ်။ သွေးရည်ကြည်အလှူရှင်တွေက ပုံမှန်သွေးအလှူရှင်တွေလို သွေးပမာဏပြန်ပြည့်ဖို့ ၄ လစောင့်စရာမလိုပါဘူး။ ကိုယ်ခံအားကောင်းရင်ကောင်းသလို အစောဆုံး ၂ ပတ်တစ်ခါ လှူဒါန်းလို့ရပါတယ်။ မိမိကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ၁ လ တစ်ခါလှူဒါန်းတာကတော့ အကောင်းဆုံးဖြစ်ပါတယ်။ ပုံမှန်သွေးလှူတာနဲ့ဘယ်လောက်ဘဲကွာကွာ အလှူရှင်အားလုံးအနေနဲ့တော့ သွေးမလှူခင်နဲ့သွေးလှူပြီး ခန္ဓာကိုယ်ကို ကျန်းမာအောင်နေရမှာကတော့ အတူတူဘဲနော်။


သွေးရည်ကြည်လှူဒါန်းခြင်းရဲ့ ထူးခြားချက်ကတော့ COVID-19 ရောဂါပိုးတွေ့ရှိပြီး (positive ဖြစ်ပြီး) ရောဂါပြန်လည်သက်သာလာသူတွေ (negative ပြန်ဖြစ်သူတွေ) သာ လာရောက်လှူဒါန်းလို့ရတာဖြစ်ပါတယ်။ အခုအချိန် လာရောက်လှူဒါန်းတဲ့ သွေးရည်ကြည်တွေကို COVID-19 ကုသရေးမှာအသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်နေတဲ့ သုတေသနလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ COVID-19

ဖြစ်လို့သွေးမလှူနိုင်ဘူးဆိုတာမဟုတ်တော့ပါဘူး။ ကိုယ်ခံအားကောင်းသရွေ့ လူ့အသက်များစွာကို ကယ်နိုင်တာမို့လို့ ကျန်းမာရေးဂရုစိုက်ပြီး သွေးရည်ကြည်လာရောက်လှူဒါန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။