COVID-19 ကာလမှာ ဘာကြောင့် သွေးလှူသင့်လဲ?

အားလုံးပဲ မင်္ဂလာပါ။


ဒီရက်ပိုင်းမှာ COVID-19 ကပ်ရောဂါကာလရဲ့ ဒုတိယလှိုင်း ပြန်လည်စတင်လာတဲ့အတွက် အမျိုးသားသွေးဌာနမှာ သွေးလှူရှင် အရေအတွက်ဟာ သိသိသာသာ ပြန်လည်ကျဆင်းလာပါတယ်။ အဲ့ဒါကြောင့် သွေးလိုအပ်နေတဲ့ လူနာတွေ အတွက် သွေးပြတ်လပ်မှု မဖြစ်ရအောင် စေတနာသွေးလှူရှင်တွေကို လိုအပ်နေပါတယ်။


အမျိုးသားသွေးဌာနကလည်း ဒီလိုအချိန်မှာ ရဲရဲဝင့်ဝင့်နဲ့ သွေးလာလှူတဲ့ သွေးလှူရှင်တွေအတွက် လုံခြုံစိတ်ချမှုရှိအောင် social distancing rules တွေ ချမှတ်တာ၊ လက်သန့်ဆေးရည်နဲ့ ပိုးသတ်ပေးတာ စတဲ့ ကြိုတင်ကာကွယ်ရေး နည်းစနစ်တွေကို အထူးကြပ်မတ်ဆောင်ရွက်ပေးနေပါတယ်။


ဒီ ပိုစ့် လေးကိုဖတ်ပြီး COVID-19 ကာလမှာ သွေးလိုအပ်နေတဲ့ လူနာတွေရဲ့ အသက်ကိုကယ်တင်ဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တယ်၊ ဒါပေမယ့် ပထမဆုံးအကြိမ် သွေးလှူရမှာမလို့ သွေးလှူတဲ့ အကြောင်း၊ ဆောင်ရန် ရှောင်ရန် အချက်အလက်တွေကို ပိုသိချင်တယ်ဆိုရင် အောက်က လင့်ခ် လေးမှာ ဝင်ဖတ်လို့ရပါတယ်။


http://bit.ly/firsttimeblooddonors


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - https://www.donatebloodmyanmar.org/booking


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။" "A drop of blood for you, a hope of a lifetime for them."


ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ကင်ဆာရောဂါ နဲ့ အခြားသွေးရောဂါတွေ (သို့) အရေးပေါ်သွေးလိုအပ်မှုတွေကြောင့် အသက်ဆုံးရှုံးသွားရတဲ့ လူအရေအတွက်ဟာ ၉,၅၅၅,၀၂၇ ဦး ရှိပြီး COVID-19 ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသူအရေအတွက်ဟာ လက်ရှိစုစုပေါင်း ၈၇၃,၂၈၅ ဦးအထိရှိပါတယ်။ ထို့ကြောင့် COVID-19 ကာလမှာ ဆုံးရှုံးသွားသော အသက်ပေါင်းများစွာကို ထပ်ပြီး မတိုးပွားလာအောင် ကြိုးပမ်းလုပ်ဆောင်တဲ့ နေရာမှာ သွေးလှူရှင်တွေရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီးပါတယ်။


ဘာဖြစ်လို့လဲ?


COVID-19 ကပ်ရောဂါသည် ကမ္ဘာပေါ်မှ အလွယ်တကူ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သွေးလိုအပ်နေတဲ့ လူနာအရေအတွက်လည်း ရှေ့လျှောက် ပိုပြီးတောင် များလာမှာ ဖြစ်ပါတယ်။ ရေရှည်မှာ လူငယ် စေတနာသွေးလှူရှင်တွေရဲ့ အင်တိုက်အားတိုက် သွေးလှူဒါန်းမှုကို အားထားနေရပြီး လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှု လျော့နည်းလာရင် သွေးလိုအပ်နေတဲ့ လူနာပေါင်းများစွာရဲ့ အသက်တွေ၊ သွေးပြတ်လပ်မှုတွေဟာ စိုးရိမ်စရာအခြေအနေကို ကျော်လွန်လာနိုင်ပါတယ်။ ဒါကြောင့် "one pint, three lives" ဆိုတဲ့ စကားအတိုင်း ကိုယ့် သွေးတစ်ခါလှူရင် အသက်သုံးသက်ကို ကယ်တင်နိုင်တာမလို့ COVID-19 ကပ်ရောဂါကာလမှာ အမျိုးသားသွေးဌာနကို သွားရောက် သွေးလှူဒါန်းကာ သူတစ်ပါးအသက် ကို ကယ်တင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။


သွေးမှာ ပါဝင်တဲ့ ပစ္စည်းများရဲ့ သက်တမ်းအလိုက် သိုလှောင်နိုင်သော အချိန် မတူညီပါဘူး။ သွေးရည်ကြည်ရဲ့ သက်တမ်းဟာ တစ်နှစ်ဖြစ်ပြီး ကင်ဆာရောဂါဝေဒနာရှင်တွေ၊ သွေးလွန်တုပ်ကွေး၊ သွေးနဲ့ ပတ်သက်တဲ့ရောဂါ ခံစားနေရတဲ့ လူနာတွေ အတွက် လိုအပ်သော သွေးဥမွှားများရဲ့ သက်တမ်းကတော့ ၄ ရက်ပဲ ဖြစ်ပါသည်။ ၄ ရက်ထက်ပိုပြီး သိုလှောင်ထားတဲ့ သွေးသွင်းမိရင် သွေးဥမွှားလေးတွေရဲ့ အာနိသင်မပြတော့တဲ့အတွက် အမျိုးသားသွေးဌာနမှာ သွေးလှူရှင်တွေ နေ့စဉ် လိုအပ်လျက်ရှိပါတယ်။


သွေးလှူဒန်းသည့်အကြောင်းအရာများနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက အောက်ပါ link များတွင် ဖတ်ရှုနိုင်ပါသည်။


http://bit.ly/factsonblooddonation


https://bit.ly/mythsandtruthsblooddonation


အမျိုးသားသွေးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သွေးလှူဒါန်းမှုနှုန်းသည် ယခုနှစ်တွင် တဟုန်ထိုး လျော့ကျနေပါတယ် ။ အထူးသဖြင့် COVID-19 စတင်ဖြစ်ပေါ်သည့် ဧပြီလမှစ၍ သွေးလှူရှင်အရေအတွက်သည် သိသိသာသာ လျော့ကျသွားခဲ့ပါသည်။ COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး၊ လူမှုရေးတွင် ဆိုးကျိုးများရှိသည့်အလျောက် ကျန်းမာရေး အခန်းကဏ္ဍတွင်လည်း သွေးလှူရှင်နည်းပါးသွားသည့် ဆိုးကျိုးများ ဖြစ်ပေါ်လျက်ရှိပါတယ် ။


ယခင်နှစ်မှ သွေးလှူရှင်အရေအတွက်ဖြင့် နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ် အတွင်း သွေးလှူဒါန်းမှုသည် COVID-19 ကာလကြောင့် စုစုပေါင်း ၂၀,၆၆၆ အထိ ကျဆင်းလာပါသည် ။ သို့သော် ယခုနှစ် ဇူလိုင်လ အတွင်း သွေးလှူရှင် ၆,၇၄၆ ဦးရှိသည့် အနက် ၃,၆၆၂ ဦးသည် ၂၉ နှစ်အောက် လူငယ်သွေးလှူရှင်များဖြစ်ပြီး ထို ၃,၆၆၂ ဦး၏ ၅၄% သည် ပထမဆုံးအကြိမ် သွေးလှူဒါန်းကြသူများဖြစ်ပါတယ် ။ ထို့ကြောင့် ကင်ဆာရောဂါ နှင့် သွေးရောဂါခံစားနေရသူများ၊ အရေးပေါ်သွေးလိုအပ်နေသူများအတွက် အချိန်မရွေး သွေးလုံလောက်စွာ ထားရှိပေးနိုင်ရန် ဤကဲ့သို့ မွန်မြတ်သောစိတ်ဓါတ်ဖြင့် ရဲရဲဝံ့ဝံ့ သွေးလာရောက်လှူဒါန်းမည့် လူငယ်သွေးလှူရှင်ညီအစ်ကို မောင်နှမများကို အရေးတကြီး လိုအပ်နေပါတယ်။


COVID-19 ကပ်ရောဂါ စတင်ခဲ့ချိန်မှစ၍ သွေးလှူရှင် အရေအတွက် လျော့နည်းလာသော်လည်း ဖော်ပြခဲ့သည့်အတိုင်း လာရောက်လှူဒါန်းခဲ့သော သွေးလှူရှင်များအနက် အသက် ၂၉ နှစ်အောက် လူငယ်သွေးလှူရှင် ပမာဏသည် အများဆုံးဖြစ်ပါသည်။ စေတနာဖြင့် သတ္တိရှိစွာ သွေးလှူဒါန်းပေးခဲ့ကြသော လူငယ်သွေးလှူရှင်များကြောင့် အရေးပေါ်သွေးလိုအပ်နေသော လူနာများ၏ အသက်အား ကယ်ဆယ်နိုင်ခဲ့ပြီး လူငယ်များ၏ အရေးကြုံလာလျှင် ကူညီလိုသော ပရဟိတစိတ်ဓါတ် နှင့် တက်ကြွသောအင်အား ကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ် ။ ယခုအခါ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း ပြန်လည် စတင်နေချိန်မှာလည်း လူကြီးများထက် ကိုယ်ခံအား ပိုကောင်းပြီး ကျန်းမာသန်စွမ်းသော လူငယ်သွေးလှူရှင်များကို ပို၍ လိုအပ်နေပြန်ပါတယ် ။ ပထမ အကြိမ်တွင် လူငယ်သွေးလှူရှင်များ၏ အင်အားကို ပြသနိုင်ခဲ့ သလို ယခုအကြိမ်တွင်လည်း လူငယ်များ ပါဝင်ကူညီပြီး သွေးလှူဒါန်းပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။


#RedRoseCampaign