Let's learn about blood donation with numbers!

COVID-19 ဒုတိယလှိုင်းမှာ သွေးလှူရှင်အရေအတွက် ကျဆင်းနေလို့ သွေးလိုအပ်နေတဲ့လူနာတွေအတွက် အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် COVID-19 ကာလမှာ ရဲရဲဝံ့ဝံ့သွေးလှူမယ့် စေတနာသွေးလှူရှင်ရဲဘော်အပေါင်းတို့ကို အမျိုးသားသွေးဌာနမှ လိုအပ်နေပါတယ်။


သွေးလှူရာတွင် နှောင့်နှေးကြန့်ကြာမှုများကို လျှော့ချဖို့နဲ့ လုံခြုံစိတ်ချစွာ သွေးလှူလို့ရအောင်လည်း Online Booking စနစ်နဲ့ စာရင်းပေးနိုင်ဖို့ Red Rose Campaign နဲ့ အမျိုးသားသွေးဌာနတို့မှ ပူးပေါင်းစီစဉ်ပေးထားပါတယ်။


ဒီနေ့အတွက်တော့ သွေးလှူဒါန်းခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတရဖွယ် အကြောင်းအရာများကို မှတ်မိရလွယ်အောင် နံပါတ်လေးတွေနဲ့ တွဲပြီးတင်ဆက်ပေးလိုက်ပါတယ်။


Online Booking စနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။" "A drop of blood for you, a hope of a lifetime for them."


#RedRoseCampaign


Reference: http://givingblood.org/about-blood/blood-facts.aspx



၁။ ခဲထားတဲ့ သွေးရည်ကြည်ကို အများဆုံး ၁နှစ် အထိသာသိုလှောင်ထားနိုင်ပါတယ်။


မိမိသွေးလှူဒါန်းပြီးနောက် သွေးထဲမှာရှိတဲ့ သွေးဆဲလ်လေးတွေအားလုံးကို 18 နာရီအတွင်း ဖယ်ရှားလိုက်ရင် Fresh Frozen Plasma (FFP) (လတ်ဆတ်တဲ့ သွေးရည်ကြည်) ကိုရရှိပါတယ်။ FFP ကို massive transfusions (သွေးလဲခြင်း၊ သွေးသွင်းခြင်း) လုပ်တဲ့အချိန်မှာ သွေးထွက် မလွန်အောင်၊ သွေးကိုခဲစေတဲ့ factors တွေရရှိအောင်၊ လိုအပ်တဲ့ သွေးရည်ကြည်ထဲက ပရိုတိန်းတွေရရှိအောင် အသုံးပြုကြပါတယ်။ သူ့ရဲ့သက်တမ်းက တစ်နှစ်သာခံပါတယ်။


၂။ အချိန် ၂ စက္ကန့်တိုင်းမှာ လူတစ်ယောက် သွေးလိုအပ်နေပါတယ်။


ရောဂါတွေကိုကုသဖို့၊ ကာကွယ်ဖို့ ဆေးဝါးတွေကိုထုတ်လုပ်လို့ရပေမယ့် သွေး၊ သွေးရည်ကြည် နဲ့ ပါဝင်ပစ္စည်းတွေကို ထုတ်လုပ်လို့မရသေးပါဘူး။ သွေးလိုအပ်တဲ့ လူနာတွေဟာ စေတနာသွေးလှူရှင် (volunteer blood donors) တွေဆီကသာရနိုင်ပါတယ်။ သွေးကင်ဆာ၊ သွေးမတိတ်သော ရောဂါရှိသူစသည်ဖြင့် ပုံမှန်သွေးလိုအပ်နေတဲ့သူတွေရှိသလို ယာဉ်တိုက်မှုလိုမျိုး မတော်တဆဖြစ်တာတွေ ကြောင့်လည်း သွေးကိုနေ့စဥ် လိုအပ်နေပါတယ်။


၃။ သင်လှူဒါန်းလိုက်တဲ့ သွေးဟာ လူ ၃ ယောက် အသက်ကို ကယ်တင်နိုင်ပါတယ်။


သင်လှူဒါန်းလိုက်တဲ့ သွေးကို ပါဝင်ပစ္စည်းအလိုက် (သွေးရည်ကြည်၊ သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးဥမွှား) ဆိုပြီးအမျိုးအစား ၄ မျိုးအထိ ခွဲထားပါတယ်။ လူနာတစ်ဦးနဲ့တစ်ဦးလိုအပ်တဲ့ အမျိုးအစားချင်းမတူညီတာကြောင့် သင့်ရဲ့သွေးဟာ လူ ၃ ယောက်အသက်ကို ကယ်တင်နိုင်ပါတယ်။


၄။ ၄ လတစ်ကြိမ် သွေးလှူဒါန်းနိုင်ပါတယ်။


သွေးလှူဒါန်းတဲ့အခါ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ သွေးပမာဏ လျော့ကျသွားသလို သွေးနီဥပမာဏလည်း လျော့ကျသွားပါတယ်။ သွေးနီဥတွေရဲ့ သက်တမ်းဟာ ၄ လခန့်ရှိတာမို့ နောက်တစ်ကြိမ်သွေးမလှူခင် သွေးနီဥအရေအတွက် ပုံမှန်ပမာဏသို့ ပြန်ပြည့်လာအောင်၊ သွေးလှူရှင်ရဲ့ သွေးအားကောင်းအောင်၊ ကျန်းမာအောင် သွေးလှူဒါန်းမှု တစ်ခုနှင့်တစ်ခုကြားမှာ ၄ လ ခြားပေးထားတာဖြစ်ပါတယ်။ ၄ လခြား တစ်ခါ ဖြင့် တစ်နှစ်လျှင် အများဆုံးသုံးကြိမ်အထိ သွေးလှူဒါန်းနိုင်ပါတယ်။


၅။ ကျွန်တော်တို့ လှူဒါန်းလိုက်တဲ့သွေးထဲက သွေးဥမွှားလေးတွေကို ၅ ရက်အထိသာသိုလှောင်ထားနိုင်ပါတယ်။


Platelets (သွေးဥမွှား) ဆိုတာ သွေးမှာပါဝင်တဲ့ cell အမျိုးအစားတစ်ခုဖြစ်ပြီး သွေးခဲစေတဲ့အာနိသင်တွေပါဝင်ပါတယ်။ အဓိကအားဖြင့် ကင်ဆာရောဂါဝေဒနာသည်တွေ၊ သွေးလွန်တုပ်ကွေးနဲ့ အခြားသောသွေးရောဂါရှိတဲ့ လူတွေက သွေးဥမွှားကိုပိုပြီး လိုအပ်ပါတယ်။ ၅ ရက်ထက်ပိုပြီး သိုလှောင်ထားတဲ့ သွေးသွင်းမိရင် သွေးဥမွှားတွေရဲ့ အာနိသင်မပြတော့ပါဘူး။ ဒါကြောင့် နေ့စဉ်နေ့တိုင်း စေတနာသွေးလှူရှင်တွေကို လိုအပ်နေပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် blood donation အပြင် platelet donation ကိုလည်း ပြုလုပ်လို့ရနေပါပြီ။


၆။ သွေးလှူဒါန်းမယ်ဆိုရင် လွန်ခဲ့တဲ့ ၆ လအတွင်း တက်တူးထိုးခြင်း၊ နားဖောက်ခြင်း၊ အပ်စိုက်ခြင်းမရှိသူ ဖြစ်ရပါမယ်။


သွေးလှူဒါန်းမယ်ဆိုရင် လွန်ခဲ့တဲ့ ၆ လအတွင်း တက်တူးထိုးတာ၊ နားဖောက်တာ၊ အပ်စိုက်တာတွေ မပြုလုပ်ထားသူဖြစ်ရပါမယ်။ ထို့အပြင် ယခု COVID-19 ကာလမှာ သွေးလှူရှင်များနဲ့ သွေးလက်ခံရရှိမယ့် လူနာများ ဘေးကင်းစေရန် ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ နှာစေးခြင်းနှင့် တစ်လအတွင်း ခရီးသွားရာဇဝင်ရှိသူ၊ အမျိုးသားသွေးဌာနသို့ လာရောက်ရာတွင် mask မတပ်လာသူများကို လှူဒါန်းခွင့်မပေးထားပါဘူး။


၇။ ဆေးရုံကိုရောက်လာတဲ့ လူနာ ၇ ယောက်တိုင်းမှာ တစ်ယောက်က အမြဲလိုလို သွေးလိုအပ်နေပါတယ်။


နေ့စဉ် ဆေးရုံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ လူနာပေါင်းများစွာရှိပါတယ်။ အဲ့ဒီထဲကမှ လူနာ၇ယောက်လျှင် အနည်းဆုံးတစ်ယောက်ကတော့ သွေးလိုအပ်လျက်ရှိပါတယ်။ အရေးပေါ်ရောက်လာတဲ့ လူနာတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ သွေးကို လုံလုံလောက်လောက်ရှိအောင် သိုလှောင်ထားရပါတယ်။ အကယ်၍ လိုအပ်တဲ့ သွေးအမျိုးအစား အဆင်သင့်မရှိပါက အချိန်နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်၍ နောက်ဆက်တွဲအနေဖြင့် လူနာအသက်ဆုံးရှုံးရသည်အထိ ဖြစ်လာနိုင်ပါတယ်။


၈။ သွေးလှူဒါန်းပြီးတဲ့အခါ ခန္ဓာကိုယ်ထဲက သွေးရဲ့ ပါဝင်ပစ္စည်းတွေကို ပြန်လည်ဖြည့်တင်းဖို့ ခန့်မှန်းခြေ ၈ ပတ်ခန့် ကြာနိုင်ပါတယ်။


သွေးလှူဒါန်းပြီးနောက်ပိုင်း ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက သွေးရည်ကြည် ကို ၄၈ နာရီအတွင်း ပြန်လည်ဖြည့်တင်းနိုင်ပြီး သွေးရဲ့ ပါဝင်ပစ္စည်းတွေကို ဖြည့်တင်းဖို့အတွက်ကတော့ ၈ ပတ်မှ ၁၆ ပတ်အတွင်း အချိန်ယူရပါတယ်။


၉။ သွေးလှူဒါန်းခြင်းမှ အကျိုးကျေးဇူး ၉ ခုထက် မနည်းရရှိနိုင်ပါတယ်။


သွေးလှူဒါန်းခြင်းဟာ သွေးလက်ခံသူအတွက်သာမက လှူဒါန်းလိုက်တဲ့သူအတွက်လည်း အကျိုးကျေးဇူးများစွာရှိပါတယ်။


၁။ ကင်ဆာဖြစ်ပွားနိုင်မှုကိုလျှော့ချပေးခြင်း၊

၂။ ခန္ဓာကိုယ်တွင်း သံဓာတ်ကိုထိန်းညှိပေးခြင်း၊

၃။ အသည်းနဲ့ နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း၊

၄။ သွေးသည် ယခင်ကထက် ပိုမိုသန့်စင်လာခြင်း၊

၅။ မိမိ၏ သွေးကို ခန္ဓာကိုယ်ထဲမှ ထုတ်ယူ၍ လှူဒါန်းလိုက်သော အသိကြောင့် ကုသိုလ်သာမက စိတ်ကြည်နူးမှုရရှိစေခြင်း၊

၆။ ခန္ဓာကိုယ်တွင် ပိုနေသော သံဓါတ်များ လျော့သွား၍ Haemochromatosis (သွေးတွင်းသံဓာတ်များသောရောဂါ) ဖြစ်နိုင်ချေ လျှော့ချပေးခြင်း၊

၇။ သွေးလှူဒါန်းပြီးနောက် သွေးတွင်းပါဝင်ပစ္စည်းများကို ပြန်လည်ထုတ်လုပ်ရာတွင်

ခန္ဓာကိုယ်ရှိ ကယ်လိုရီအသုံးပြုမှု များလာခြင်း

၈။ အခမဲ့ ကူးစက်ရောဂါပိုးများရှိမရှိစစ်ဆေးကာ မိမိကျန်းမာရေးအခြေအနေကို သိရှိနိုင်ခြင်း

(ဥပမာ -HIV ပိုး၊ အသည်းရောင်အသားဝါဘီပိုးနှင့် စီပိုး)

၉။ သွေးနီဥထုတ်လုပ်မှုနှုန်း မြင့်တက်လာခြင်း စတဲ့ အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါတယ်။


၁၀။ အရွယ်ရောက်ပြီးသား သာမန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ သွေး ၁၀ ပိုင့် ရှိပါတယ်။


ပုံမှန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ သွေး 10 ပိုင့် (၅ လီတာ) ရှိပါတယ်။ သွေးလှူဒါန်းတဲ့အခါ သွေး ၁၀ ပိုင့်ထဲကမှ အများဆုံး 1 ပိုင့် (၀.၅ လီတာ) ကိုသာ လှူဒါန်းရတာဖြစ်ပါတယ်။ မိမိရဲ့ အသက်၊ ခန္ဓာကိုယ် တည်ဆောက်ပုံ၊ ကိုယ်အလေးချိန် နဲ့ ကိုယ်ခံအားအပေါ် မူတည်ပြီး အမျိုးသားသွေးဌာနမှ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးကာ ထိုပမာဏထက် လျှော့၍လည်း လှူဒါန်းနိုင်ပါတယ်။