Rh ဆိုတာ ကြားဖူးလား

A(+) , A(-) ​သွေးအုပ်စုဟူ၍ ကြားဖူးကြတယ်မဟုတ်လား??? ၄င်းက ဘာကိုဆိုလိုသလဲ သင် သိပါသလား??


အားလုံးပဲ မင်္ဂလာပါ။

ဒီ​နေ့မှာ​တော့ ​ABO သွေးအုပ်စု​တွေမှာပါ​လေ့ရှိတဲ့ (+) (-) ဆိုတဲ့ Rh အ​ကြောင်း​လေးကို ​ပြောပြ​ပေးသွားမှာဖြစ်ပါတယ်။ Rh incompatibility ဟာဆိုရင် ​သွေးလှူတဲ့​နေရာမှာ​ရော ကိုယ်ဝန်​ဆောင်မိခင်​တွေအတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ ဒါ​ကြောင့် Rh အ​ကြောင်းအ​သေးစိတ်ကို ​အောက်မှာ တူတူဖတ်ကြည့်လိုက်ကြရ​အောင်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက -


https://www.donatebloodmyanmar.org/booking

#RedRoseCampaign


ဒါဆို Rh ဆိုတာဘာလဲ?


Rhesus (Rh) factor ဆိုတာ သွေးနီဥတစ်ခုရဲ့မျက်နှာပြင်ပေါ်မှာတွေ့ရှိရတဲ့ ပရိုတိန်း ပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ Rh ပရိုတိန်းလေးပါတယ်၊ မပါဘူးဆိုတာ သူ့ရဲ့ မျိုးရိုးဗီဇဆက်ခံမှုအပေါ်မှာ မူတည်ပါတယ်။ အကယ်၍ အဲ့ဒီ ပရိုတိန်းလေးရှိရင် Rh positive ဖြစ်ပြီး မရှိပါက Rh negative ဖြစ်ပါတယ်။ ဒါကြောင့် A, B, O သွေးအုပ်စုတွေမှာ A+, A- စသည်ဖြင့် အပေါင်း၊ အနုတ် လက္ခဏာလေးတွေနဲ့ ခွဲခြားထားတာဟာ Rh Factor ရှိခြင်း၊ မရှိခြင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။



ဒါဆို Rh Factor ကို ဘယ်သူတွေက ဘယ်လိုရှာဖွေတွေ့ရှိခဲ့ကြလဲ?


၁၉၄၀ ခုနှစ်မှာ Karl Landsteiner နဲ့ Alexander Wiener တို့က rhesus သွေးအမျိုးအစားအသစ်ကို Rh positive ဖြစ်နေတဲ့ မျောက်သွေးကို ယုန်သွေးထဲသွင်းမိရင်းကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်လို့ အရပ်အခေါ်နဲ့ဆိုရင် Rh ရှိတဲ့သွေးကို မျောက်သွေးလို့ခေါ်ပါတယ်။ Rhesus ဟာဆိုရင် သွေးနီဥတွေရဲ့မျက်နှာပြင်မှာရှိနေတဲ့ ပရိုတိန်းတစ်မျိုးဖြစ်တဲ့ ဗီဇကို သယ်ဆောင်ပေးတဲ့ မျောက်ဖင်နီ (rhesus) တွေကိုအစွဲပြုပြီး အမည်ပေးထားတာဖြစ်ပါတယ်။ Rhesus ကို တစ်နည်းအားဖြင့် D antigen လို့လည်း ခေါ်ကြပါသေးတယ်။





Rh ဓါတ်မတည့်မှု (Rh incompatibility)


Rh ဓါတ်မတည့်မှုကို ၁၉၃၉ ခုနှစ်ကစတင်တွေ့ရှိခဲ့ပါတယ်။ ဒါဟာ Rh factor ကိုမတွေ့ခင် တစ်နှစ်စောပြီး တွေ့ရှိခဲ့တာပါ။ Rh incompatibility ဟာဘာလဲဆိုရင် Rh negative ဖြစ်နေတဲ့လူကို Rh positive သွေးသွင်းမိတဲ့အခါ ဓါတ်မတည့်မှုတွေ ဖြစ်ပေါ်လာတာကိုဆိုလိုပါတယ်။ Rh negative ဖြစ်ခြင်းဟာရောဂါတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးသွင်းချိန်မှာတော့ Rh negative သမားတွေဟာ သတိထားရပါတယ်။


သင်ဟာ Rh negative ဖြစ်ပြီး သင့်အမျိုးသားဟာ Rh positive ဖြစ်တယ်ဆိုကြပါစို့။ သင့်သန္ဓေသားဟာ Rh positive ဖြစ်ဖို့များပါတယ်။ ဒီလိုအခြေအနေဟာ ပထမကိုယ်ဝန်ဆောင်စဉ်ကာလမှာဆိုရင် ဘာမှမဖြစ်နိုင်ပေမယ့် ဒုတိယတစ်ကြိမ်ကိုယ်ဝန်ဆောင်တဲ့အခါ သန္ဓေသားအတွက် အန္တရာယ်အလွန်များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမကိုယ်ဝန်တုန်းက Rh positive ကလေးရဲ့ သွေးဟာ မိခင်ဆီရောက်သွားပြီး မိခင်ရဲ့သွေးထဲမှာ Rh antibody (Rh ကို တိုက်ဖျက်သော ပဋိပစ္စည်း) တွေပေါ်လာပါတယ်။ ဒီလိုနဲ့ ဒုတိယကိုယ်ဝန်ဆောင်တဲ့အခါ ပထမကိုယ်ဝန်တုန်းကရလာတဲ့ မိခင်သွေးထဲမှာရှိတဲ့ Rh antibody တွေဟာ Rh positive ဖြစ်နေတဲ့ သန္ဓေသားရဲ့ သွေးထဲမှာရှိတဲ့ Rh ပရိုတိန်းတွေကို သွားပြီးတိုက်ဖျက်ပါတယ်။ ဒါကို Rh incompatibility လို့ခေါ်ပါတယ်။


Rh negative ဖြစ်နေသူတစ်ဦးကို Rh positive သွေးကိုသွင်း‌သောအခါမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ Rh ကိုက်ညီမှုမရှိသောသွေးကို ပေးသွင်းတဲ့အခါမှာတော့ ထိုသူဟာ အရင်က သွေးမသွင်းဖူးရင်၊ Rh positive သန္ဓေသားကို ကိုယ်ဝန်မဆောင်ဖူးရင် ပထမဆုံးအကြိမ်မှာ ပြင်းထန်သောအကျိုးသက်ရောက်မှုကို တွေ့ရှိရမှာမဟုတ်ပါဘူး။ ဒုတိယအကြိမ် Rh positive သွေးကိုသွင်းမိရင်တော့ ပထမအကြိမ် Rh positive သွေးသွင်းတုန်းက ဖြစ်ပေါ်ခဲ့တဲ့ Rh antibodies တွေဟာ အသစ်ဝင်လာတဲ့သွေးနဲ့ ဓါတ်မတည့်မှုတွေဖြစ်ပေါ်လာပါတယ်။ သူတို့တွေက သွေးကိုခဲစေခြင်းအားဖြင့် ဝင်ရောက်လာတဲ့သွေးနီဥတွေကို တိုက်ခိုက်ပါတယ်။ နောက်ဆုံးမှာတော့သွေးနီဥတွေပျက်စီးခြင်းကနေ အသည်းနဲ့ ကျောက်ကပ်ထိပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။



*သွေးသွင်းမှုတွေလုပ်ဆောင်တဲ့အခါမှာလည်း Rh positive သွေးပိုင်ရှင်တွေက Rh negative သွေးကို လက်ခံနိုင်ပေမယ့် Rh negative သွေးပိုင်ရှင်တွေကတော့ Rh positive သွေးကိုလက်ခံနိုင်ခြင်း မရှိကြပါဘူး။




Rh ဓါတ်မတည့်မှုကြောင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်လဲ?


Rh ဓါတ်မတည့်မှုဖြစ်ပေါ်လျှင်


၁။ သွေးနီဥများ အစုလိုက်အပြုံလိုက်ဖျက်ဆီးခံရခြင်း (ပြင်းထန်လျှင်သွေးအားနည်းရောဂါပါဖြစ်ပွားနိုင်သည်)

၂။ အသည်းရောင်အသားဝါ

၃။အသည်းပျက်စီးခြင်း

၄။ကျောက်ကပ်ပျက်စီးခြင်းနှင့်

၅။ နောက်ဆုံးတွင်အသက်အန္တရာယ်ပါထိခိုက်လာနိုင်ပါတယ်။


Rh ဓါတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့နောက်ထပ်အကျိုးဆက်တစ်မျိုးမှာ Erythroblastosis fetalis သို့မဟုတ် Haemolytic Disease of Newborn (HDN) လို့ခေါ်တဲ့ မွေးကင်းစကလေးတွေနဲ့ သန္ဓေသား တွေမှာတွေ့ရတတ်တဲ့သွေးအားနည်းရောဂါအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ၊ ဒုတိယအကြိမ်ကိုယ်ဝန်ဆောင်တဲ့အခါ Rh incompatibility ကြောင့် သန္ဓေသားရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေအမြောက်အမြားဖျက်ဆီးခြင်းကို ခံရပါတယ်။ အခြေအနေ ပြင်းထန်ရင် သန္ဓေသားသည်မိခင်၏သားအိမ်ထဲမှာပင်သေဆုံးနိုင်သလို ကံကောင်းထောက်မ၍ မွေးဖွားလာလျှင်လည်း သွေးအားနည်းရောဂါ၊ အသည်းရောင်အသားဝါ၊ oedema လို့ခေါ်တဲ့ သန္ဓေသားခန္ဓာကိုယ်ဖောရောင်ခြင်း နှင့် Kernicterus (neurologic syndrome) လို့ခေါ်တဲ့ အာရုံကြောရောဂါ ဖြစ်ပွားနိုင်ပါတယ်။


အထက်ပါကိစ္စမျိုးတွင်ပထမကလေးသည်မည်သည့်အကျိုးသက်ရောက်မှုမျှမရှိဘဲဆက်လက်ရှင်သန်နိုင်သော်လည်းဒုတိယကလေးမှာမူအသက်ဆုံးရှုံးသည်အထိဖြစ်ပွားလာနိုင်ပါတယ်။

သို့သော် မိခင်သည်ကိုယ်ဝန်မဆောင်ခင်ကာလကတည်းက Rh positive သွေးသွင်းထားခြင်းရှိပါက ပထမကလေးသည်လည်းအသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေရှိလာနိုင်ပါတယ်။


မိခင်တွေအနေနဲ့ဒီလိုမဖြစ်လာအောင်ဘယ်လိုတားဆီးမလဲ? 


ယနေ့ခေတ် ဆေးပညာဖွံ့ဖြိုးတိုးတက်နေတဲ့ အချိန်ကာလမှာတော့ Hemolytic Disease of Newborn (HDN) ရောဂါကိုကာကွယ်တားဆီးနိုင်ပါတယ်။မိခင်တွေအနေဖြင့် ကိုယ်ဝန်စလွယ်စဉ်ကတည်းက မိမိတို့ရဲ့သွေးအမျိုးအစားကို ကြိုတင်စစ်ဆေးကြရန် လိုအပ်ပါတယ်။


အကယ်၍ Rh negative သွေးအမျိုးအစားဖြစ်ပါက anti Rh antibody (သို့) Rh immunoglobulin (RhoGAM) ဟုခေါ်သော ဆေးထိုးထားခြင်းဖြင့် မိခင်ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော Rh antibody ပဋိဇီဝပစ္စည်းများ Rh positive သန္ဓေသားကိုတိုက်ခိုက်ခြင်းမှကာကွယ်နိုင်ပါတယ်။ အများအားဖြင့် RhoGAM ဟုခေါ်သောဆေးကို ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ် လောက်တွင် ပထမအကြိမ်ထိုးထားကြပါတယ်။ မွေးလာတဲ့ကလေးဟာ Rh positive ဖြစ်နေရင်တော့ ဒုတိယအကြိမ်အနေနဲ့ ကလေးမွေးဖွားပြီး ၇၂ နာရီ (၃ရက်) အတွင်းတွင် ထိုးထားခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။


Rh negative မိခင်သည် Rh negative သန္ဓေသားကို ကိုယ်ဝန်ဆောင်ပါက ဆေးထိုးရန်မလိုအပ်ပါဘူး။