Your plasma, our hope.

Updated: Dec 26, 2020

Your plasma, our hope. COVID-19 ရောဂါနှင့် သွေးရည်ကြည်ကုထုံး


အားလုံးပဲမင်္ဂလာပါ။


COVID-19 ရောဂါ ပျောက်ကင်းအောင်ပြုလုပ်ပေးမယ့် ဖြေဆေးတွေ၊ ကာကွယ်ဆေးတွေ စမ်းသပ်ထုတ်လုပ်နေဆဲဖြစ်ပြီး သုံးစွဲလို့မရသေးပင်မယ့် COVID-19 ရောဂါပိုးကြီးကို ကူညီတိုက်ထုတ်ပေးမယ့် သဘာဝမှ ပေးအပ်ထားတဲ့အရာတစ်ခုရှိပါတယ်။


ဒါကတော့ COVID-19 ရောဂါကနေ ပျောက်ကင်းသက်သာသွားသူတွေရဲ့ ကိုယ်ခန္ဓာထဲကနေ သဘာဝအလျောက်ထွက်လာတဲ့ ပဋိပစ္စည်း (Antibodies) တွေပါဝင်တဲ့ သွေးရည်ကြည် (plasma) ပဲဖြစ်ပါတယ်။ အခုဆိုရင်အဲဒီ သွေးရည်ကြည် (plasma) ကိုပြန်လည်အသုံးပြုပြီး ရောဂါခံစားနေရသူတွေကို ကုသပေးနိုင်တဲ့ သွေးရည်ကြည်ကုထုံး (Convalescent Plasma Therapy) ရှိနေပြီဘဲဖြစ်ပါတယ်။


ဒါဆို သွေးရည်ကြည် (Plasma) ဆိုတာဘာလဲ?


သွေးရည်ကြည် (plasma) ဆိုတာကတော့ သွေးထဲက သွေးဆဲလ်တွေကို စစ်ထုတ်ဖယ်ရှားလိုက်တဲ့အခါမှာ ကျန်ရှိခဲ့သော အဝါရောင်သန်းနေတဲ့ အရည်ကြည်ကို ခေါ်တာဖြစ်ပါတယ်။


ဘာဖြစ်လို့ သွေးရည်ကြည်ကို ရောဂါကုသဖို့ အတွက် အသုံးပြုနိုင်တာလဲ?


ရောဂါတစ်ခုခု ကူးစက်ခံရပြီဆိုရင် ခန္ဓာကိုယ်မှာ ရှိတဲ့ ကိုယ်ခံအားစနစ်က Antibody လို့ခေါ်တဲ့ ပဋိပစ္စည်းတွေထုတ်လုပ်ပြီး ရောဂါပိုးကို ခုခံတိုက်ထုတ်ဖို့ လုပ်ဆောင်ပေးပါတယ်။ သူတို့တွေဟာ သွေးရည်ကြည်ထဲမှာ ရှိတာပါ။ ဒီ ပဋိပစ္စည်းလေးတွေဟာ လူနာတစ်ယောက်ရောဂါပျောက်ကင်းသက်သာပြီးတဲ့အချိန်မှာတောင် ခန္ဓာကိုယ်ထဲမှာ အရေအတွက်အတိုင်းအတာတစ်ခုအထိ ရှိနေတုန်းပါပဲ။


ဒါကြောင့် ရောဂါဖြစ်နေတဲ့လူနာတစ်ယောက်ကို အဆိုပါရောဂါကနေပဲ ပြန်လည်သက်သာပျောက်ကင်းလာတဲ့ အခြားလူတစ်ယောက်ရဲ့ ပဋိပစ္စည်းတွေပါဝင်နေတဲ့ သွေးရည်ကြည်ကို သွင်းပေးပြီး ရောဂါကုသတဲ့နည်း( Convalescent Plasma Therapy) ဟာ အတိုင်းအတာတစ်ခုအထိ ထိရောက်တဲ့ကုသနည်းတစ်မျိုး ဖြစ်သလို လူနာရဲ့ ရောဂါခုခံအားကို တိုးမြင့်စေပြီး ဝေဒနာခံစားရမှုနဲ့ သေဆုံးမှုကို လျှော့ချဖို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။


ဆက်လက်ပြီးတော့ သွေးရည်ကြည်ကုထုံးဖြင့် ကမ္ဘာတစ်ဝန်းမှာရော မြန်မာနိုင်ငံမှာပါ ဘယ်လိုမျိုးကုသပေးနေလဲ၊ ဘယ်လောက်အထိအောင်မြင်နေလဲ စတာတွေကို အောက်မှာ ဖတ်ရှုပေးပါဦးနော်။


သင်ကိုယ်တိုင်ဟာ COVID-19 ရောဂါကို ခံစားခဲ့ရသူတစ်ယောက်ဆိုရင် ဒီလိုရောဂါဆိုးကြီးကို အခြားသူတွေ ပိုပြီးမခံစားရအောင် သင့်ရဲ့ခန္ဓာကိုယ်ထဲက ပစ္စည်းလေးနဲ့ ကယ်တင်နိုင်ပါတယ်။ ပြီးတော့ အခု COVID-19 ရောဂါသည်တွေအတွက် သွေးရည်ကြည်ကို လှူဒါန်းနိုင်တာကလည်း ယခင်က COVID-19 ရောဂါဖြစ်ခဲ့တဲ့သူတွေပဲမလို့ ဒါဟာ သာမန်လူတစ်ယောက် မစွမ်းဆောင်နိုင်တဲ့ ရှားရှားပါးပါးအလှူဒါနတစ်ခုဆိုရင်လည်း မမှားပါဘူး။


သွေးရည်ကြည်လှူဒါန်းရန် စာရင်းပေးသွင်းလိုပါက ccpmm.org မှာစာရင်းပေးသွင်းပြီး လှူဒါန်းနိုင်ပါတယ်။


၁။ ကမ္ဘာတစ်ဝှမ်းမှာ သွေးရည်ကြည်ကုထုံးကို COVID-19 အတွက် ဘယ်လိုအသုံးပြုနေသလဲ?


သွေးရည်ကြည်ကုထုံးဟာ ယခုမှ ပေါ်လာတဲ့ ကုထုံးအသစ်မဟုတ်ဘဲ သမိုင်းကြောင်းတစ်လျှောက်မှာ “Influenza, SARS, Argentine Haemorrhagic Fever (AHF)” အစရှိတဲ့ ကူးစက်ရောဂါအမျိုးမျိုးအတွက် အသုံးပြုခဲ့ဖူးတဲ့

ကုသနည်းတစ်ခုဖြစ်ပါတယ်။


ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါအတွက် ဖြေဆေးရှာတဲ့နေရာမှာ သွေးရည်ကြည်ကုထုံးနဲ့ စမ်းသပ်ကုသခွင့်ကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။


သွေးရည်ကြည်ကုထုံးကို အသုံးပြုခြင်းဟာ COVID-19 ရောဂါအတွက် ထိရောက်မှုရှိ၊ မရှိ စတဲ့ လက်တွေ့စမ်းသပ်ချက်အမျိုးမျိုးကို ကမ္ဘာတစ်ဝှမ်းလုံးမှာ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေဆဲ ဖြစ်ပြီး ကောင်းမွန်တဲ့ရလဒ်အချို့ကို တွေ့ရှိထားကြပါတယ်။ (သွေးရည်ကြည်ကုထုံးရဲ့ အဓိကရည်ရွယ်ချက်က ဆေးဝါးတွေအသုံးပြုသလို ရောဂါအမြစ်ပြတ်ကုဖို့မဟုတ်ပါဘူး။ ရောဂါနုသေးတဲ့လူနာတွေကို ရောဂါတိုးမလာအောင်၊ ရောဂါပြင်းထန်တဲ့သူတွေ အသက်ဆုံးရှုံးမှုနည်းပါးလာအောင် အထောက်အပံ့ပြုပေးတဲ့ နည်းလမ်းတစ်ခုဖြစ်တာမို့ ထိရောက်မှုရှိ၊ မရှိသည် ပုံသေမဟုတ်ဘဲ လူနာရဲ့ အခြေအနေအပါအဝင် အကြောင်းအရာအမျိုးမျိုးအပေါ်မူတည်နေတယ်ဆိုတာကိုတော့ သတိပြုစရာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ သွေးရည်ကြည်ကုထုံး (Convalescent Plasma Therapy) ကိုအခုချိန်ထိ clinical trial အဖြစ်လက်တွေ့စမ်းသပ်နေဆဲ ဖြစ်ပါတယ်။


၂။ မြန်မာနိုင်ငံမှာရော သွေးရည်ကြည်ကုထုံးနဲ့ COVID-19 ရောဂါလူနာတွေကို ဘယ်လို ကုသပေးလျက်ရှိပါသလဲ?


မြန်မာနိုင်ငံမှာတော့ "COVID-19 မှ ပြန်လည်ကောင်းမွန်လာသော လူများ၏ သွေးရည်ကြည်ဖြင့် ယခု COVID-19 ဖြစ်နေသော လူနာများအား စမ်းသပ်ကုသနိုင်ရေး အကြံပေးအဖွဲ့" ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့ပြီး ယခုအချိန်ထိ သွေးရည်ကြည်ကုထုံးဖြင့် စမ်းသပ်မှုများကို ပြုလုပ်နေဆဲဖြစ်ပါတယ်။


မြန်မာနိုင်ငံတွင် COVID-19 ရောဂါပြင်းထန်သူလူနာ ၄၂ ဦးကို သွေးရည်ကြည်ကုထုံးဖြင့် ကုသရာ လူနာ ၃၁ ဦးမှာ ရောဂါပြန်လည်သက်သာလာတာကို တွေ့ရပါတယ်။ သွေးရည်ကြည်ကုထုံးဖြင့် ကုသခြင်း၏ ပြန်လည်သက်သာမှုနှုန်းမှာ ၁၀ ဦးတွင် ခုနစ်ဦးမှ ရှစ်ဦးအထိ ရှိနေပါတယ်။


သွေးရည်ကြည်ကုထုံးဟာ မြန်မာနိုင်ငံတွင်းမှာ အခုလို အားတက်လောက်စရာ ရလဒ်တွေတွေ့ရပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပြီဖြစ်တဲ့ အတွက် COVID-19 ရောဂါကို ကုသတဲ့အခါ နဲ့ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ပိုမိုပြီးရလဒ်ကောင်းများရရှိစေဖို့ အဓိက လိုအပ်နေတာကတော့ COVID-19 ရောဂါကနေ ပြန်လည်သက်သာလာပြီး သွေးရည်ကြည် လှူဒါန်းပေးမယ့် စေတနာအလှူရှင်တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ယနေ့အထိ သွေးရည်ကြည်လှူဒါန်းမှုပေါင်း 250 ကျော်ခန့် ရှိနေပြီဖြစ်ပြီး တစ်နေ့တခြားတိုးပွားနေတဲ့ COVID 19 လူနာတွေကို ကုသကယ်တင်ဖို့နဲ့ သွေးရည်ကြည်ကုထုံးရဲ့ ထိရောက်မှုကို ပိုမိုသိရှိရန် လက်တွေ့စမ်းသပ်ကုသမှု (clinical trial) တွေ ပြုလုပ်ဖို့အတွက် ဒီထက်မက များပြားတဲ့ သွေးရည်ကြည်အလှူရှင်တွေကို အရေးတကြီး လိုအပ်လျက် ရှိပါတယ်။


၃။ မြန်မာနိုင်ငံမှာ သွေးရည်ကြည်ကုထုံးနဲ့ ပတ်သက်ပြီး ဘာတွေရှာဖွေတွေ့ရှိရသလဲ?


သွေးရည်ကြည်ကုထုံးတစ်ခုဟာ ရောဂါပျောက်ကင်းပြီးသူရဲ့ သဘာဝပဋိပစ္စည်းတွေကို အသုံးပြုတာဖြစ်ပြီး ကိုယ်ခန္ဓာထဲ ဝင်ရောက်နေတဲ့ ရောဂါပိုးကို ဆဲလ်တွေထဲထိ မဝင်ရောက်နိုင်အောင် တားမြစ်ခြင်း၊ ရောဂါပိုးကိုသတ်မယ့် ကိုယ်ခံအားစနစ်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။ ထိုပဋိပစ္စည်းတွေကို ရောဂါဖြစ်နေသူရဲ့ ကိုယ်ခန္ဓာထဲ ထည့်ပေးလိုက်ခြင်းဖြင့် လူနာရဲ့ ရောဂါခုခံနိုင်စွမ်းကို ပိုမိုတိုးပွားစေခြင်းဟာ သွေးရည်ကြည်ကုထုံးရဲ့အခြေခံပဲဖြစ်ပါတယ်။


သွေးရည်ကြည်ကုထုံးဟာ COVID-19 ကုသတဲ့နေရာမှာ ဘယ်လောက်ထိရောက်မှုရှိသလဲဆိုတာကို သိနိုင်ရန် လေ့လာစမ်းသပ်မှုပေါင်းများစွာကို မြန်မာနိုင်ငံတွင်းမှာ ပြုလုပ်လျက်ရှိပါတယ်။ COVID-19 ကပ်ရောဂါကနေ ပြန်လည်ကောင်းမွန်လာတဲ့ လူတွေရဲ့ သွေးရည်ကြည်ကို သုတေသနလုပ်ကြည့်တဲ့အခါ သူတို့ထဲမှာ COVID-19 ရောဂါပိုးကို တိုက်ထုတ်ပေးတဲ့ ပဋိပစ္စည်းလေးများရဲ့ ပမာဏက ရောဂါပျောက်ကင်းပြီး တော်တော်ကြာတဲ့အထိ တရိပ်ရိပ်နဲ့ တက်လာသေးတာကို တွေ့ရပါတယ်။ အဆိုပါ ပဋိပစ္စည်းတွေဟာ အချိန်အတော်အတန်ကြာတဲ့အထိ သွေးရည်ကြည်ထဲမှာ ဆက်ရှိနေပြီးမှ တဖြည်းဖြည်း ပြန်လည်လျော့နည်းသွားတာကိုလည်း လေ့လာတွေ့ရှိချက်များအရ သိနိုင်ပါတယ်။ (ဒါဟာ အမျိုးသမီးများမှာ ပိုသိသာလာတာကို ယေဘုယျအနေနဲ့ တွေ့ရပေမယ့် လက်ရှိအချိန်မှာတော့ သေချာစွာနဲ့ မှန်မှန်ကန်ကန် ကောက်ချက်ချနိုင်ဖို့ အချက်အလက်များစုဆောင်းနေပြီး သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်ပါတယ်။)


ယေဘုယျအားဖြင့်တော့ ရောဂါပျောက်ပြီး နှစ်လ သုံးလကြာတဲ့အထိ Antibody တွေ ဆက်လက်ကျန်ရှိနေတာကို တွေ့ရမှာပါ။ ဒါကြောင့် COVID-19 ရောဂါဖြစ်ပြီး ပျောက်ကင်းသွားတဲ့ အချိန်ကြာနေပေမယ့်လည်း ဆေးပညာလောကနဲ့ မြန်မာနိုင်ငံပြည်သူလူထုရဲ့ ရှေ့ရေးအတွက် ကိုယ့်ရဲ့ သွေးရည်ကြည်ကို လှူဒါန်းပြီး အကျိုးပြုလို့ရပါတယ်။


၄။ သွေးရည်ကြည်လှူဒါန်းခြင်း ကစိတ်ချရ ရဲ့လား?


သွေးရည်ကြည်ကုထုံးကို ကမ္ဘာမှာရော၊ မြန်မာမှာပါ COVID-19 ကပ်ရောဂါအတွက် သုတေသနလုပ်ငန်းများပြုလုပ်ကာ စမ်းသပ်ကုသနေဆဲဖြစ်ပြီး လူဆယ်ယောက်တွင် ရှစ်ယောက်ခန့် ပြန်လည်သက်သာလာသည်ဟု သိရှိရပါတယ်။ ဒါဟာ သိသာတဲ့ရလဒ်တစ်ခုနဲ့ အတိုင်းအတာတစ်ခုအထိ အောင်မြင်လာပြီလို့ပြောလို့ရပါတယ်။ သို့သော် ဤကုထုံးကြောင့် သွေးရည်ကြည်အသွင်းခံရသည့်လူနာ​၏ ကိုယ်ခံအားစနစ်မှ antibody များသည် တစ်ခါတစ်ရံတွင် ထိုလူနာ​၏ အကောင်းပကတိအတိုင်းရှိနေသော ဆဲလ်များကို ဗိုင်းရပ်စ်ဖြင့်အမှတ်မှားကာ တိုက်ထုတ်ပစ်သည့် အခြေအနေများလည်း ရှိနေပါသေးတယ်။ ဒါကြောင့် သွေးရည်ကြည်ကုထုံးကို COVID-19 ကပ်ရောဂါအတွက် တရားဝင်ဆေးကုသနည်းတစ်ရပ်အဖြစ် အသုံးမပြုနိုင်သေးဘဲ clinical trial - လက်တွေ့စမ်းသပ်မှုတစ်ရပ်အနေဖြင့်သာ ထားရှိထားပါတယ်။ သို့သော် သွေးရည်ကြည်လှူဒါန်းသူများ ပိုမိုများပြားလာပါက သုတေသနလုပ်ငန်းများကိုလည်း အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်မှာဖြစ်ပြီး COVID-19 ရောဂါခံစားနေရတဲ့ လူနာတွေကို ပြန်လည်သက်သာလာအောင် လုပ်ဆောင်ပေးတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်မှာဖြစ်ပါတယ်။


သွေးရည်ကြည်လှူဒါန်းမယ့်သူတွေ အနေနဲ့ မိမိခန္ဓာကိုယ်ထဲက သွေးရည်ကြည်ကို ထုတ်ယူလှူဒါန်းရတဲ့ အတွက် ပုံမှန်သွေးလှူခြင်းနည်းတူ သွေးပေါင်ကျတာတွေ စတဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်သွေးလှူခြင်းနဲ့မတူတာက သွေးရည်ကြည်ကို plasmaphoresis နည်းနှင့် ခွဲထုတ်ပြီးနောက် သွေးနီဥတွေကို သင့်ခန္ဓာကိုယ်ထဲကို ပြန်လည် ထည့်သွင်းပေးမှာ ဖြစ်တဲ့အတွက် အောက်ဆီဂျင်ကျပြီး ခေါင်းမူးတာ၊ ကိုယ်ခံအားနည်းတာ၊ သွေးအားနည်းတာ စတဲ့လက္ခဏာတွေ လျော့ကျသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်သွေးမလှူမီ ပြုလုပ်ပေးသင့်တဲ့ အိပ်ရေးဝစွာအိပ်ခြင်း၊ အာဟာရပြည့်ဝစွာ အစာစားပေးခြင်း စတဲ့အချက်တွေကိုပြုလုပ်ခြင်းအားဖြင့် သွေးရည်ကြည်လှူဒါန်းပြီးနောက် ဖြစ်လာနိုင်တဲ့ ခန္ဓာကိုယ်တုန့်ပြန်မှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။


ထို့အပြင် သွေးရည်ကြည်မလှူမီ သင့်ရဲ့ကျန်းမာရေးအခြေအနေနှင့် ခန္ဓာကိုယ်ထဲရှိ ပဋိပစ္စည်း (antibodies) အရေအတွက်ကိုလည်း သေချာစွာစစ်ဆေးပေးမှာဖြစ်ပြီး သင့်အတွက်ရော၊ သွေးရည်ကြည်လက်ခံမည့် လူနာရှင်အတွက်ပါ လုံခြုံစိတ်ချရတဲ့ ပမာဏ ပြည့်မီမှသာ လှူဒါန်းခွင့်ပေးမှာဖြစ်ပါတယ်။ အရေအတွက်မပြည့်မီပါက လုံးဝလှူဒါန်းခွင့်ပေးသွားမှာ မဟုတ်ပါဘူး။ Covid-19 ဟာကမ္ဘာပေါ်ကို ကျရောက်လာတဲ့ ရောဂါအသစ်ဖြစ်တာမို့ ရောဂါပိုးဝင်လာပြီးနောက် ထွက်လာတဲ့ ပဋိပစ္စည်း ( antibodies ) တွေဟာ မည်သည့် အချိန်အထိရှိနေမလဲ ဆိုတာကို တပ်အပ်သေချာစွာမပြောနိုင်သေးပါဘူး။ COVID-19 ရောဂါခံစားခဲ့ရတဲ့လူတွေအတွက် ကိုယ်ခံအား ( immune system ) က အလွန်အရေးကြီးတဲ့အတွက် သင့်ရဲ့ antibodies အရေအတွက် ပမာဏ ဘယ်လောက်အထိ ရှိနေလဲ၊ လျော့ကျနေလဲ စတဲ့ အခြေအနေတွေကိုပါ သိနိုင်ပါတယ်။